NLD တနင်္သာရီဝန်ကြီးချုပ် ဦးမြင့်မောင် ပုဒ်မနှစ်ခု ထပ်တိုးခံရ

2022.11.29
Share on WhatsApp
Share on WhatsApp
NLD တနင်္သာရီဝန်ကြီးချုပ် ဦးမြင့်မောင် ပုဒ်မနှစ်ခု ထပ်တိုးခံရ NLD ပါတီ၏ တနင်္သာရီဝန်ကြီးချုပ် ဦးမြင့်မောင်အား တွေ့ရစဉ်။
Photo: RFA

ထားဝယ်အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက် တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဦးမြင့်မောင်ကို စစ်ကောင်စီက မူလ စွဲထားတဲ့ ပုဒ်မသုံးခုအပြင် နိုဝင်ဘာ ၂၄ ရက်နေ့မှာ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ ဖောက်ဖျက်မှု ပုဒ်မ- ၁၃၀ (က) တစ်ခုတည်းကိုပဲ အမှုနှစ်ခုဖွင့်ပြီး ထပ်မံတရားစွဲ လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

ဦးမြင့်မောင်ဟာ စတင်အဖမ်းခံရကတည်းက နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ- ၅၀၅ (ခ)၊ ရာဇဝတ်မကင်းသော ယုံကြည်အပ်နှံမှုကို ဖောက်ဖျက်မှု ပုဒ်မ-၄၀၉၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ ပုဒ်မ-၂၅ တို့နဲ့ တရားစွဲခံရပြီး ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့မှာ ထားဝယ်ထောင်တွင်း တရားရုံးကနေ ထောင် ၁၂ နှစ် ချမှတ်ခံထားရပြီးဖြစ်ပါတယ်။

အမှုသုံးခုအတွက် ထောင်နှစ်ရှည်ချပြီးခါမှ ပုဒ်မတစ်ခုတည်းကိုပဲ နှစ်မှုခွဲပြီး ထပ်စွဲလိုက် တာလို့ အမည်မဖော်လိုတဲ့ ထားဝယ်မြို့က ရှေ့နေတစ်ဦးက RFA ကို ဒီနေ့ ပြောပါတယ်။

"အပြီးသတ်အမိန့် ၁၂ နှစ်ချပြီးမှ ပုဒ်မ ၁၃၀ (က)တစ်ခုတည်းကိုပဲ နှစ်ခါ အမှုဖွင့်ပြီး ထပ်စွဲတယ်၊ ဒီပုဒ်မကတော့ ထောင်ဒဏ် သုံးနှစ်၊ ငွေဒဏ်နဲ့ ထောင်ဒဏ်ငွေဒဏ် နှစ်ရပ်စလုံး ကျခံရနိုင်တာမျိုး ဥပဒေမှာ ပြဌာန်းထားတယ်၊ ဘာရည်ရွယ်ချက်နဲ့ စွဲတာလည်း သူတို့ပဲ သိမှာပေါ့"

အသက် ၄၀ ကျော်အရွယ် ဦးမြင့်မောင်ဟာ စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်နေ့ မနက်အစောပိုင်းကတည်းက ထားဝယ်မြို့ နေအိမ်ကနေ ဖမ်းဆီးခံလိုက်ရပြီး ထားဝယ်ထောင်တွင်း တရားရုံးမှာ ပုဒ်မမျိုးစုံတပ်ပြီး အကျဉ်းချခံထားရတာလို့လည်း သူက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ နိုဝင်ဘာ ၂၈ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းထားတဲ့ နှစ်နှစ် နီးပါးအတွင်း နိုင်ငံတစ်ဝန်းက ပြည်သူ ၁၆,၄၆၂ ဦး ဖမ်းဆီးခံခဲ့ရပြီး အဲဒီအထဲက ၁၂,၉၉၀ ဦးဟာ အခုချိန်ထိ အကျဉ်းထောင်အသီးသီးမှာ အကျဉ်းချခံထားရဆဲဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။