မြစ်ကြီးနားမှာ စက်သုံးဆီဈေး အဆမတန်မြင့်တက်
2024.11.01
တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံဘက်က ကုန်ပစ္စည်းတင်သွင်းခွင့် ကန့်သတ်ထားတာနဲ့ ပြည်တွင်းကုန်သွယ်ရေးလမ်းကြောင်းတွေ ပိတ်နေတာကြောင့် ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမှာ စက်သုံးဆီ ရှားပါးပြတ်လပ်နေပြီး ဈေးနှုန်းလည်း အဆမတန် မြင့်တက်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
အရင်က စက်သုံးဆီတစ်လီတာကို ကျပ်ငါးထောင်ခန့်သာရှိပေမဲ့ လက်ရှိမှာ ကျပ်တစ်သောင်းအထိ ပေးဝယ်နေရတယ်လို့ မြစ်ကြီးနားမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“ဆီဆိုင်အများစုက ပိတ်နေပြီ။ ဖွင့်တဲ့ဆီပန့်ဆိုင်ကလည်း မနက်ပိုင်းနဲ့ ညနေပိုင်းလောက်ကိုပဲ ရောင်းတော့တယ်။ တစ်လီတာ တစ်သောင်းလောက် ရှိတယ်။ လမ်းဘေးမှာ ချရောင်းနေတဲ့သူတွေဆို ဆီပန့်ဆိုင်တွေထက် နှစ်ဆ၊ သုံးဆ တင်ပြီးရောင်နေကြတာ။ ဈေးတင်လည်း ဝယ်ထည့်ရတာပါပဲ။ ဘာလို့ဆို အခုက ဆီရဖို့က ခက်တယ်လေ”
အလားတူ စားသောက်ကုန်တွေလည်း ဈေးနှုန်းမြင့်တက်နေပြီး အရင်က ဝက်သား တစ်ပိဿာကို ကျပ်နှစ်သောင်းကျော် ရှိရာကနေ လက်ရှိမှာ တစ်ပိဿာကို ငါးသောင်းအထိ ဈေးတက်နေတယ်လို့ သူက ပြောပါတယ်။ တခြားစားသောက်ကုန်ဈေးနှုန်းတွေလည်း နှစ်ဆကျော် မြင့်တက်နေတယ်လို့ ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်လူမှုရေး ဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
မြစ်ကြီးနားမြို့ကို ကုန်စည်ပို့ဆောင်ရာမှာ အဓိကအသုံးပြုတဲ့ ပြည်ထောင်စုလမ်းပေါ်က စစ်ကိုင်းတိုင်း အင်းတော်မြို့မှာလည်း ပြီးခဲ့တဲ့ ဩဂုတ်လကစပြီး တိုက်ပွဲတွေပြင်းထန်နေတာကြောင့် တရုတ်-မြန်မာနယ်စပ်ကတစ်ဆင့်ဝင်လာတဲ့ စက်သုံးဆီနဲ့ စားသောက်ကုန်တွေကို အားထားနေရတာပါ။
ဒါပေမဲ့ ကချင်အထူးဒေသ (၁) ဖြစ်တဲ့ ချီဖွေခရိုင်ထဲမှာ တိုက်ပွဲတွေဖြစ်လာပြီးနောက် တရုတ်နိုင်ငံဘက်ကနေ ကုန်ပစ္စည်းတင်သွင်းခွင့် ကန့်သတ်ထားတာကြောင့် မြစ်ကြီးနားအပါအဝင် ကချင်ပြည်နယ်က မြို့နယ်အများစုမှာ ကုန်ပစ္စည်းတွေ ရှားပါးပြတ်လပ်လာပြီး ဈေးနှုန်းတွေပါ တက်လာတာလို့ ဒေသခံတွေက ပြောပါတယ်။
တရုတ်နိုင်ငံကနေ မြန်မာနိုင်ငံထဲကို စက်သုံးဆီအပါအဝင် ကုန်ပစ္စည်းတင်သွင်းခွင့် ကန့်သတ်ထားတယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က အောက်တိုဘာလ ၂၃ ရက်နေ့မှာ အီးမေးလ်ကနေတစ်ဆင့် ဆက်သွယ်မေးမြန်းထားပေမဲ့ ဒီနေ့အထိ အကြောင်းပြန်လာတာ မရှိသေးပါဘူး။