မြစ်သားမြို့နယ်မှာ ရေဘေးသင့်သူ ငါးထောင်ခန့် အကူအညီ လိုအပ်နေ
2024.09.16
မန္တလေးတိုင်း၊ မြစ်သားမြို့နယ်က ရွာလေးရွာမှာ စက်တင်ဘာလ ၁၆ ရက်နေ့အထိ ရေနစ်မြုပ်နေဆဲဖြစ်ပြီး လူဦးရေ ငါးထောင်ကျော် ဘေးလွတ်ရာမှာ နေထိုင်နေရတာကြောင့် စားနပ်ရိက္ခာနဲ့ သောက်ရေ အကူအညီတွေ လိုအပ်နေတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေက ပြောပါတယ်။
စက်တင်ဘာလ ၁၅ ရက်နေ့ကစလို့ မြစ်သားမြို့ပေါ်မှာ ရေပြန်ကျသွားပေမဲ့ နွားကူးလေး (တောင်)ရွာ၊ ယွေးရွာ၊ ပေါင်မြိုင်ရွာနဲ့ အင်းရင်းရွာ စတဲ့ရွာတွေမှာ ဒီနေ့အထိ ရေဝင်နစ်မြုပ်နေတာပါ။
အဲဒီရွာတွေက ဒေသခံတွေဟာ ကုန်းမြင့်နေရာတွေနဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ ပြောင်းရွှေ့နေထိုင်နေရပြီး စားနပ်ရိက္ခာအကူအညီတွေ လိုအပ်နေတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက RFA ကို ပြောပါတယ်။
"အခုလောလောဆယ် ဘုန်းကြီးကျောင်းတွေ ကုန်းမြေတွေမှာ စုနေနေကြတာ။ တချို့ရွာတွေမှာတော့ ခေါင်မိုးအထိ ရေကရှိနေတုန်းပဲ။ နွားကူးလေးရယ်၊ ယွေးရွာရယ်က ပန်းလောင်မြစ်နဲ့ စမုံမြစ်ကြားမှာဆိုတော့ အဆိုးဆုံးပဲဗျ။ အဲဒီဘက်သွားမယ်ဆိုရင် ကားထားပြီးတော့ ရေထဲမှာ ၁၅ မိနစ်လောက် သွားရသေးတယ်။ အခုက မြို့ပေါ်မှာ ကူညီစရာမလိုတော့ဘူး။ ရွာတွေဘက်ပဲ ကူညီနေရတော့တာ"
နွားကူးလေး(တောင်)ရွာမှာတော့ ကယ်ဆယ်ရေးတွေ ရောက်မလာနိုင်ခင် ကျန်းမာရေးအခြေအနေကြောင့် အသက် ၆၀ ကျော် အမျိုးသမီး နှစ်ဦး သေဆုံးခဲ့တယ်လို့ သူက ပြောပါတယ်။
မြစ်သားမြို့နယ်ထဲက ရေကြီးနစ်မြုပ်တဲ့ရွာတွေဘက်မှာ ကိုယ်ထူကိုယ်ထ ပရဟိတအဖွဲ့တွေကပဲ ထိထိရောက်ရောက် ကူညီနေတာတွေ့ရတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်နေသူတွေက ပြောပါတယ်။
မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာရှိတဲ့ စမုံဆည် ကျိုးပေါက်ခဲ့တဲ့အတွက် ဝမ်းတွင်းမြို့နယ်အပြင် စမုံမြစ်ဘေးမှာရှိတဲ့ မြစ်သားနဲ့ ကျောက်ဆည်မြို့နယ်က ရွာတွေမှာ စက်တင်ဘာလ ၁၁ ရက်နေ့ ညပိုင်းကတည်းက ရေကြီးနစ်မြုပ်ခဲ့တာပါ။
ရေကြီးနစ်မြုပ်မှုတွေကို ကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ အခြေအနေတွေ သိရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံ မဖြေဆိုပါဘူး။
နိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုတွေကြောင့် လူပေါင်း ၃၂၀,၀၀၀ ကျော် အရေးပေါ်ပြောင်းရွှေ့ခဲ့ရပြီး သေဆုံးသူ ၁၁၃ ဦးအထိရှိလာကြောင်း စစ်ကောင်စီက စက်တင်ဘာလ ၁၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။