မြစ်သားမြို့နယ် NLD ပါတီဝင်တစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်
2023.01.11

မန္တလေးတိုင်း၊ မြစ်သားမြို့နယ် ထိန်ကန်ကြီးရွာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်တစ်ဦးဖြစ်တဲ့ အသက် ၅၄ နှစ်အရွယ် ဦးမျိုးလင်းကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ဇန်နဝါရီလ ၁၁ ရက်မှာ RFA ကို ပြောပါတယ်။
ဇန်နဝါရီလ ၃ ရက် နေ့လယ်ပိုင်းက ထိန်ကန်ကြီးရွာက နေအိမ်အထိ စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးခဲ့တာပါ။ ဇန်နဝါရီလ ၅ ရက်မှာတော့ ဦးမျိုးလင်း သေဆုံးသွားတဲ့ အကြောင်း မိသားစုကို အကြောင်းကြားခဲ့ပေမယ့် သူ့ရဲ့ ရုပ်အလောင်းကို ပြန်မပေးဘူးလို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
"၅ ရက်နေ့က သူ့မိသားစုဝင်တွေကို အကြောင်းကြားတယ်။ နေမကောင်းလို့ လာခဲ့ပါတဲ့။ ဒါနဲ့ မိသားစုဝင်တွေ လိုက်သွားကြတော့ ဦးမျိုးလင်းက ဆုံးနေပြီ။ ခြေတွေ၊ လက်တွေ နဲ့ ဒူးခေါင်းတွေမှာ ညိုမည်းနေတယ်။ ခေါင်းမှာ ကွမ်းသီးလုံးလောက် အပေါက်ကြီး ဖြစ်နေတယ်"
မိသားစုဝင်တွေက ထိန်ကန်ကြီးရွာ နေအိမ်မှာပဲ ဇန်နဝါရီလ ၁၁ ရက်မှာ ရက်လည် ဆွမ်းသွတ် လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဦးမျိုးလင်းကို လာရောက်ဖမ်းဆီးတုန်းက ဘာအကြောင်းပြချက်မှ မပေးဘဲ ဖမ်းဆီးခဲ့တာ လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောရေးဆိုခွင့်ရှိသူ ဦးသိန်းဌေးကို RFA က ဒီကနေ့ ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇန်နဝါရီလ ၁၀ ရက်အထိ စာရင်းအရ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်ဖြိုခွင်းမှုတွေနဲ့ ဖမ်းဆီးနှိပ်စက်မှုတွေ ကြောင့် အရပ်သား ၂၇၁၆ ဦး သေဆုံးခဲ့ပါတယ်။