ခင်ဦးမြို့နယ်ထဲ MyTel တာဝါတိုင် ခုနစ်ခု ဖောက်ခွဲဖျက်ဆီးခံရ

2021.09.11
ခင်ဦးမြို့နယ်ထဲ MyTel တာဝါတိုင် ခုနစ်ခု ဖောက်ခွဲဖျက်ဆီးခံရ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ ရွာသစ်ကုန်းရွာအနီးက ဖျက်ဆီးခံရတဲ့ MyTel ရဲ့ ဆက်သွယ်ရေးပစ္စည်းတွေကို တွေ့ရစဉ်
Photo: Citizen Journalist

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်းက MyTel ဆက်သွယ်ရေးကုမ္ပဏီရဲ့ တာဝါတိုင် ခုနစ်တိုင်ဟာ စက်တင်ဘာ ၁၀ ရက် မနေ့ညက ဖောက်ခွဲဖျက်ဆီးခံခဲ့ရတယ်လို့ ခင်ဦး ဒေသခံတွေက ပြောပါတယ်။

“ခင်ဦးမြို့နယ်ထဲမှာ MyTel တာဝါတိုင် သီးသန့် ၁၂ တိုင် ရှိတဲ့အထဲက မနေ့ညတစ်ညတည်းကို MyTel တာဝါတိုင် ခုနစ်တိုင်ကို ဖောက်ခွဲဖျက်ဆီး မီးရှို့ဖျက်ဆီးလိုက်တယ်။ အဲဒါကို ခင်ဦး PDF ကလည်း ကြေညာထားတယ်"

တပင်ကောင်း၊ မဒေါင်းလှ၊ အိုင်ပေါက်ကြီး၊ ရွာသစ်ကုန်း၊ ချောင်းဆုံ၊ ထနောင်းကိုင်းကြီးလမ်းဆုံ စတဲ့ နေရာက MyTel တာဝါတိုင်တွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေက ဖျက်ဆီးခဲ့တယ်လို့ ဆိုကြပါတယ်။

စက်တင်ဘာ ၁၁ ရက် ဒီနေ့ မနက်ပိုင်းမှာ ဖျက်ဆီးခံလိုက်ရတဲ့ MyTel တာဝါတိုင်တွေဆီကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ လာရောက်စစ်ဆေးခဲ့ကြပြီး လယ်ထဲကပြန်လာတဲ့ သားအဖနှစ်ဦးကို သေနတ်နဲ့ ပစ်ခတ်ပြီး ကားပေါ်တင်သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံခဲ့ရတဲ့ သားအဖက ဘယ်သူတွေမှန်း မသိသေးသလို ဒဏ်ရာရတာပဲလား၊ သေဆုံးတာပဲ လားကို စုံစမ်းလို့မရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ MyTel ဆက်သွယ်ရေးကုမ္ပဏီရဲ့ တာဝါတိုင်တွေ ဖျက်ဆီးခံနေရတာတွေဟာ အခုရက်ပိုင်းအတွင်း ခပ်စိပ်စိပ် တွေ့လာရပါတယ်။

စစ်ကောင်စီက ပြည်သူလူထုတွေရဲ့ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်စေရေးမှာ တစ်စိတ်တစ်ပိုင်း အထောက်အကူ ပြုတဲ့ ဆက်သွယ်ရေးကွန်ယက်တွေကို ဖောက်ခွဲဖျက်ဆီးတာတွေ တွေ့လာရတဲ့အတွက် စုံစမ်းဖော်ထုတ်ပြီး ဥပဒေနဲ့အညီ အရေးယူနိုင်ဖို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဆောင်ရွက်နေတယ်လို့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၅ ရက်နေ့က စစ်တပ်ပိုင် မြဝတီသတင်းစာမှာ သတိပေး ဖော်ပြထားပါတယ်။

RFA က စုံစမ်းရရှိထားတဲ့ အချက်အလက်တွေအရ စက်တင်ဘာလ ၄ ရက်နေ့ကနေ စက်တင်ဘာ ၁၀ ရက်ထိ တစ်ပတ်အတွင်း စစ်ကိုင်း၊ မန္တလေး၊ မကွေး စတဲ့ တိုင်း သုံးခုနဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွေမှာ ဖောက်ခွဲဖျက်ဆီးခံရတဲ့ ဆက်သွယ်ရေးတာဝါတိုင်ပေါင်း ၄၉ ခု ရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။