နမ့်ဖက်ကာမှာ လက်နက်ကြီးကြောင့် ဒေသခံတစ်ဦးသေဆုံး၊ သုံးဦးဒဏ်ရာရ

RFA Burmese
2023.08.30
နမ့်ဖက်ကာမှာ လက်နက်ကြီးကြောင့် ဒေသခံတစ်ဦးသေဆုံး၊ သုံးဦးဒဏ်ရာရ ဒဏ်ရာရသူများအား ပရဟိတအသင်းများက ၂၀၂၃ ခုနှစ် ဩဂုတ်လ ၃၀ ရက်နေ့တွင် ကွတ်ခိုင်ဆေးရုံသို့ ပို့ဆောင်နေစဉ်။
မိုးထက်အာကာ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာတိုက်နယ်မှာ သြဂုတ်လ ၃၀ ရက် ဒီနေ့ မနက် ၁၀ နာရီကျော်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၁၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး သုံးဦးဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နမ့်ဖက်ကာအခြေစိုက် စစ်ကောင်စီ ခလရ (၁၂၃) တပ်က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီး ကျည်ဟာ ဟိုပုံစုစည်းရွာ၊ အမှတ် (၁) ရပ်ကွက် ၊ အမှတ် (၂) ရပ်ကွက်တွေအတွင်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“မနက် ၁၀ နာရီလောက်မှာ အရပ်ဝတ်နဲ့ နှစ်ယောက်က ကားလမ်းမပေါ်ကနေ စစ်တပ်ဘက်ကို လက်နက်ကြီး နဲ့ နှစ်ချက်ပစ်တယ်။ အဲနောက်ပိုင်း စစ်တပ်က ပြန်ပစ်တော့ အရပ်သား နေအိမ်တွေပေါ်ကျတာ။ ဟိုပုံစုစည်းရွာက တစ်ယောက် သေသွားတာ”

ဒီလက်နက်ကြီးကြောင့် ဟိုပုံစုစည်းရွာက အမျိုးသမီးတစ်ဦး သေဆုံးပြီး၊ အသက် ၁၃ နှစ်အရွယ် အမျိုးသားတစ်ဦး၊ အမှတ် (၁) ရပ်ကွက်က အသက် ၁၉ နှစ်အရွယ် အမျိုးသား တစ်ဦးနဲ့ အမှတ် (၂) ရပ်ကွက် တရုတ်စာသင်ကျောင်းအနီးက အသက် ၁၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ ဒဏ်ရာရရှိခဲ့ပါတယ်။

ဦးခေါင်း၊ နောက်ကျောနဲ့ ပေါင်တွေမှာ ဒဏ်ရာရရှိခဲ့တဲ့ ဒေသခံသုံးဦးကို ကွတ်ခိုင်ဆေးရုံကို ပို့ဆောင် ထားရတယ်လို့ ကူညီပေးခဲ့သူတစ်ဦး က ပြောပါတယ်။

ဒီပစ်ခတ်မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီ ရှမ်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးရာ ဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိ ပါဘူး။

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်နဲ့ မူဆယ်မြို့နယ်အတွင်း သြဂုတ်လ ၂၈ ရက်ကစပြီး စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့ တိုက်ပွဲ တွေ ဖြစ်ပွားနေပါတယ်။ 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။