နမ့်လန်မြို့အနီး စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ် စစ်ရေးတင်းမာနေ
2024.07.31
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ် နမ့်လန်မြို့အနီးမှာ ဇူလိုင်လ ၂၉ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ် (MNDAA) ပူးပေါင်းတပ်ဖွဲ့တွေ စစ်ရေးတင်းမာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နမ့်လန်မြို့ဟာ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်ဖွဲ့ စစ်ရေးအရ လှုပ်ရှားမှုတွေရှိတဲ့ မြို့လည်း ဖြစ်ပါတယ်။
ဇူလိုင်လ ၂၈ ရက်နေ့မှာ နမ့်လန်နဲ့ သီပေါမြို့ကြားက နောင်ကော်ကြီး ကျေးရွာအခြေစိုက် စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း ခမရ (၁၄၇) ကို MNDAA ပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နမ့်လန်မြို့အနီးကို ကိုးကန့်တပ်တွေ ဝင်ရောက်လာခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
“မြို့အပြင်မှာ MNDAA တပ်ဖွဲ့တွေ ရောက်နေပြီ။ မြို့ထဲတော့ မဝင်သေးဘူး။ စစ်တပ်က ခြောက်လှန့်တဲ့သဘောနဲ့ လက်နက်ကြီးနဲ့ သုံးလေးချက်လောက် ပစ်တာတော့ ရှိတယ်။ တိုက်ပွဲဖြစ်မှာကြောက်တဲ့ မြို့ခံတွေကတော့ ကြိုပြီး ရှောင်နေကြတာပေါ့”
ဇူလိုင်လ ၂၀ ရက်ကစလို့ သီပေါ၊ နမ့်လန်၊ မိုင်းရယ်မြို့တွေကို ဆက်သွယ်ထားတဲ့ ဟိုယကျေးရွာနဲ့ ဆောင်ကြဲကျေးရွာတွေကို MNDAA နဲ့ မဟာမိတ်တပ်ဖွဲ့တွေ ဝင်ရောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နမ့်လန်မြို့နယ်အတွင်းက တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ ကိုးကန့်တပ် (MNDAA) ဘက်က သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိမ်းမောင်ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။
နမ့်လန်မြို့ပေါ်က ဘုန်းကြီးကျောင်းအပါအဝင် ဘာသာရေး အဆောက်အအုံအချို့မှာ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာလာတဲ့ လားရှိုးက စစ်ဘေးဒုက္ခသည် တစ်သောင်းကျော် ခိုလှုံနေရပါတယ်။