ရုတ်တရက်ရေကြီးမှုကြောင့် နန့်မွန်းမြို့ ရေဝင်နစ်မြုပ်

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသက နန့်မွန်းမြို့မှာ ဇူလိုင်လ ၈ ရက် ဒီနေ့မနက် အစောပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့အတူ တောင်ကျချောင်းရေ ရုတ်တရက် မြင့်တက်လာတာကြောင့် တစ်မြို့လုံးနီးပါး ရေဝင်နစ်မြုပ်နေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ဒီနေ့ မနက် ၃ နာရီလောက်ကတည်းက မိုးသည်းထန်နေပြီး တောင်ကျချောင်းရေတွေ ကျလာတာကြောင့် ရေကြီး၊ ရေလျှံခဲ့ပြီး ဝမ်းစာအတွက် သိုလှောင်ထားတဲ့ စားနပ်ရိက္ခာတွေနဲ့ နေအိမ် အသုံးအဆောင်ပစ္စည်းတွေ ရေထဲမျောပါဆုံးရှုံးမှုတွေရှိတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“တောင်ကျချောင်းရေကြောင့်ပေါ့၊ တစ်ရွာလုံးလိုလို ရေနစ်မြုပ်တာတွေ ရှိသွားတာပေါ့။ အိမ်မှာရှိတဲ့ စပါးတို့၊ ပဲတို့၊ နှမ်းတို့ အိမ်အောက်မှာရှိတဲ့ အိုးခွက်ပန်းကန်တို့ အကုန်လုံး က ရေထဲပါသွားတာ၊ ရေစိုသွားတာတွေရှိတယ်။ တချို့ဆိုရင် အိုးခွက်ပန်းကန် တွေတောင် ချက်စရာမရှိတော့ဘူး။ ရေမျောပါသွားတာပေါ့လေ၊ တချို့ကျတော့လည်း ဈေးဆိုင်တွေ ဆိုရင်တော့ ဈေးဆိုင်ပစ္စည်းတွေ ဆုံးရှုံးတာပေါ့၊ ဆေးဆိုင်တွေဆိုလည်း ဆေးတွေရေစို ပျက်စီးသွားတာတွေ ရှိတယ်။ ကွန်ပျူတာဆိုင်တစ်ဆိုင်ဆိုလည်း တော်တော်ဆုံးရှုံးသွားတယ်”
လက်ရှိအချိန်ထိတော့ ကူညီကယ်ဆယ်ရေးလုပ်တာတွေနဲ့ ပျက်စီးဆုံးရှုံးမှု ကောက်ယူ တာတွေ မရှိသေးဘူးလို့ သူက ဆိုပါတယ်။
တောင်ကျချောင်းရေကြောင့် နန့်မွန်းမြို့ အထက်ပိုင်းက တံတားတစ်စင်း တံတားတိုင်တွေ ရေတိုက်စားပြီး အက်ကြောင်းတွေပေါ်နေလို့ ဖြတ်သန်းသွားလာဖို့အန္တရာယ်ရှိနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နန့်မွန်းချောင်းနဲ့နီးတဲ့ နတ်ကြီးကုန်း၊ ကျောက်ဆစ်ကုန်း ရပ်ကွက်တွေက ထိခိုက်ပျက်စီးမှု ပိုများတယ်လို့လည်း ဆိုပါတယ်။
အခုလို ရုတ်တရက် ရေကြီးရေလျှံတာမျိုးကို အရင်က မကြုံခဲ့ဖူးဘဲ အခုအကြိမ်က ပထမဆုံးကြုံရတာလို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လကလည်း ကချင်ပြည်နယ် ဖားကန့်၊ ဗန်းမော်နဲ့ မိုးညှင်းမြို့နယ်တွေမှာ ရေကြီး၊ ရေလျှံမှုတွေ ဖြစ်ပွားခဲ့ပြီး လူနေအိမ်တွေထဲထိ ရေဝင်နစ်မြုပ်တာတွေနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။