ကာလုံအစည်းအဝေးခေါ်ပြီး စစ်ကောင်စီသက်တမ်းထပ်တိုး

RFA Burmese
2024.01.31
ကာလုံအစည်းအဝေးခေါ်ပြီး စစ်ကောင်စီသက်တမ်းထပ်တိုး အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့ နေပြည်တော်တွင် ကျင်းပစဉ်။
MOI

အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးကို နေပြည်တော်မှာ ဇန်နဝါရီ ၃၁ ရက်နေ့က ပြုလုပ်ပြီး အရေးပေါ်ကာလသက်တမ်းကို နောက်ခြောက်လ ထပ်တိုးလိုက်ကြောင်း စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မီဒီယာတွေကနေ တစ်ဆင့် ကြေညာပါတယ်။

တိုင်းပြည်တည်ငြိမ်အေးချမ်းတဲ့ ပုံမှန်အနေအထား၊ သာမန်အနေထားရောက်အောင် ဆက်လုပ်ဖို့ လိုအပ်တာကြောင့် အရေးပေါ်ကာလကို သက်တမ်းတိုးပေးဖို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဲဒီအစည်းအဝေးမှာ တင်ပြခဲ့ပါတယ်။ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ) အစည်းအဝေးကလည်း စစ်ခေါင်းဆောင်ရဲ့တင်ပြချက်ကို ကန့်ကွက်သူမရှိဘဲ အတည်ပြုပေးခဲ့ပါတယ်။

ဒီအစည်းအဝေးမှာ ပြီးခဲ့တဲ့ ခြောက်လအတွင်းကဖြစ်ခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်း အကြောင်းအပါအဝင် ရွေးကောက်ပွဲလုပ်မယ့် ကိစ္စတွေနဲ့ သန်းခေါင်စာရင်းကောက်မယ့် ကိစ္စတွေကိုလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တင်ပြခဲ့ပါတယ်။

စစ်ကောင်စီက ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်တစ်လုံးခြားလုပ်ပြီး သက်တမ်းအကြိမ်ကြိမ် ထပ်တိုး‌နေပေမဲ့ သူတို့ဘက်ကတော့ လုပ်စရာရှိတာကို ဆက်လုပ်သွားမယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။

"စစ်အုပ်စုက အမြဲတမ်း ပြောလေ့ပြောထရှိတယ်လေ။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လုပ်တာပါဆိုပြီး။ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်တစ်လုံးခြားလုပ်ပြီးတော့ သက်တမ်းတွေ တောက်လျှောက် ထပ်တိုးနေတာလေ။ အဲဒီတော့ ဒီအခြေအနေတိုင်းပဲ ဆက်ပြီးတော့ ခြောက်လထပ်တိုးမယ်ဆိုတာ မျှော်လင့်သားပြီးသားပဲ။ ဒါကတော့ တစ်ပိုင်းပေါ့။ ကျွန်တော်တို့ NUG အနေနဲ့ရော တိုင်းရင်းသား တော်လှန်ရေး အင်အားစုတွေရော တော်လှန်ရေးအင်အားစုတွေ အနေနဲ့ကရော ဘာခြေလှမ်း လှမ်းလှမ်း ဘယ်လို နိုင်ငံရေးလှည့်ကွက်တွေပဲ သုံးသုံး ကျွန်တော်တို့ရဲ့ ပန်းတိုင်ကို ကျွန်တော်တို့ရဲ့ Road Map အတိုင်းပဲ လျှောက်သွားဖို့ပဲ ရှိပါတယ်”

စစ်တပ်က လက်စွဲကျင့်သုံးနေတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၇ အရ အရေးပေါ်ကာလကို ကာကွယ်ရေးဦးစီးချုပ်က အာဏာစသိမ်းချိန်ကနေ တစ်နှစ်တိတိ ရယူခွင့်ရှိပါတယ်။ အဲဒီနောက် တိုင်းပြည်မတည်ငြိမ်သေးဘူးလို့ ကာကွယ်ရေးဦးစီးချုပ်က ထပ်တင်ပြရင် ပုဒ်မ ၄၂၅ အရ နောက်ထပ် ခြောက်လ နှစ်ကြိမ် အာဏာသိမ်း သက်တမ်း တိုးခွင့်ရှိပါတယ်။

ဒါပေမဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ရွေးကောက်ပွဲအတွက်ပြင်ဆင်နေရလို့၊ တည်ငြိမ်အေးချမ်းရေး လိုအပ်နေလို့၊ သာမန်အခြေအနေမဟုတ်လို့ စတဲ့အကြောင်းပြချက်တွေပေးပြီး သက်တမ်းတိုးလာတာ ဒီတစ်ကြိမ်နဲ့ဆို ငါးကြိမ်မြောက်ရှိပါပြီ။

ဒီနေ့တစ်ရက်တည်းမှာပဲ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေဘက်ကလည်း စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် ဘုံသဘောထားကို ထုတ်ပြန်ခဲ့ပါတယ်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့ နေပြည်တော်တွင် ကျင်းပသည့် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးတွင် ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူအား တွေ့ရစဉ်။ Photo : MOI
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့ နေပြည်တော်တွင် ကျင်းပသည့် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးတွင် ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူအား တွေ့ရစဉ်။ Photo : MOI

မြန်မာစစ်တပ်က နိုင်ငံရေးမှာ ပါဝင်နေမှု အဆုံးသတ်ဖို့၊ ဒီမိုကရေစီနည်းကျ‌ ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရအောက်မှာ လက်နက်ကိုင်တပ်ဖွဲ့တွေ ထားရှိဖို့၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းဖို့၊ အားလုံးလက်ခံနိုင်မယ့် ဖက်ဒရယ်နဲ့ ဒီမိုကရေစီစနစ်ကို အခြေခံတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲဖို့၊ အဲဒီ အခြေခံဥပဒေနဲ့ ပြည်ထောင်စုအသစ် တည်ဆောက်ဖို့၊ ပဋိပက္ခတွေအတွင်း ကျုးလွန်ခံရသူတွေအတွက် တရားမျှတမှု ရရှိစေဖို့ စတဲ့ နိုင်ငံရေး ဦးတည်ချက် ခြောက်ရပ်ကိုလည်း ဖော်ပြထားပါတယ်။

လုပ်ငန်းစဉ်အနေနဲ့ စစ်ကောင်စီကို စစ်ရေး၊ နိုင်ငံရေးအရ ဖိအားပေးတာ၊ နိုင်ငံရေးဦးတည်ချက် ခြောက်ရပ်ကို လက်ခံလာရင် အာဏာလွှဲပြောင်းဖို့အတွက် ဆွေးနွေးတာ၊ အာဏာသိမ်းမှုကို အဆုံးသတ်ပြီး အသွင်ကူးပြောင်းရေးကာလ အစိုးရဖွဲ့စည်းပြီး နိုင်ငံပြန်လည် တည်ဆောက်တာ စတာတွေကို လုပ်ဆောင်သွားမယ်လို့လည်း ရေးသားထားပါတယ်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်ဖြစ်တဲ့ ခူးညေးရယ်ကတော့ စစ်ကောင်စီဟာ အာဏာလက်မလွှတ်ရရေး အတွက် သူတို့ပြုတ်ကျမယ့် နောက်ဆုံးအချိန်ထိ ကြိုးပမ်းနေမှာလို့ ဝေဖန်ပါတယ်။

“သူ့ဥပဒေကို သူချိုးဖောက်နေပြီလို့ ကျွန်တော်တို့ကတော့မြင်တယ်။ အာဏာသိမ်းကတည်းက သူ့ဥပဒေသူချိုးဖောက်နေတာ။ ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကတော့ အဲဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပျက်ပယ်ပြီဆိုပြီးတော့မှ ထုတ်ပြန်ချက်တွေ ထုတ်ပြန်ကြတာပဲလေ။ ဆိုတော့ သူ့ဥပဒေကို သူအထပ်ထပ်ချိုးဖောက်ပြီးတော့မှ သူမပြုတ်မချင်း တိုးနေမှာပဲ”

ဒီလို ကာလုံကနေ သက်တမ်းတိုးတာဟာ စစ်အာဏာရှင်စနစ်ကို ပိုပြီး သက်ဆိုးရှည်စေသလို နှစ်ဘက် တိုက်ခိုက်မှုတွေလည်းများပြားလားပြီး အရပ်သားပြည်သူတွေလည်း အခုထက်ပို အခက်အခဲကြုံလာနိုင်တယ်လို့ သူကပြောပါတယ်။အခုလို အကြိမ်ကြိမ်သက်တမ်းတိုးနေတာနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ သဘောထားကို သိနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

ကာလုံအစည်းအဝေးမှာတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ အာဏာသိမ်းပြီးနောက် ယာယီသမ္မတ နေရာယူထားတဲ့ ဦးမြင့်ဆွေတို့အပြင် NLD အစိုးရလက်ထက် ဒုတိယသမ္မတ နေရာယူခဲ့တဲ့ ဦးဟင်နရီဗန်ထီးယူ၊ လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်တို့လည်း တက်ရောက်တာကို တွေ့ရပါတယ်။

စစ်ကောင်စီရဲ့ကာကွယ်ရေး၊ ပြည်ထဲရေး၊ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးတွေလည်း တက်ရောက်ပါတယ်။

ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ရန်ကုန်မြို့ လှည်းတန်းလမ်းဆုံတွင် စစ်အာဏာရှင်ဆန့်ကျင်သူ ပြည်သူများ ငြိမ်းချမ်းစွာ ဆန္ဒပြနေစဥ်။ Photo: AFP
ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ရန်ကုန်မြို့ လှည်းတန်းလမ်းဆုံတွင် စစ်အာဏာရှင်ဆန့်ကျင်သူ ပြည်သူများ ငြိမ်းချမ်းစွာ ဆန္ဒပြနေစဥ်။ Photo: AFP

အထူးဖိတ်ကြားထားသူတွေအနေနဲ့ စစ်ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေးနဲ့ တွဲဘက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို တက်ရောက်လာတာကိုလည်းတွေ့ရပါတယ်။

အခု ထပ်တိုးလိုက်တဲ့ အရေးပေါ်ကာလ ခြောက်လသက်တမ်းမှာ စစ်ကောင်စီအနေနဲ့ နိုင်ငံရေးအရ အဖြေရှာတဲ့ အပြောင်းအလဲတွေ လုပ်လာနိုင်မလားဆိုတာ စောင့်ကြည့်ရမယ်လို့ ရခိုင်အမျိုးသားပါတီရဲ့ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးသာထွန်းလှက ပြောပါတယ်။

"အခုဖြစ်ပေါ်နေတဲ့ ထိပ်တိုက်ရင်ဆိုင်မှု၊ ပြည်တွင်းစစ် အဲဒီလိုအခြေအနေမျိုးကို ရပ်တန့်နိုင်အောင်အတွက် တစ်စုံတစ်ရာ နိုင်ငံရေးအရ တွေ့ဆုံတဲ့ နိုင်ငံရေးအရ အဖြေရှာတဲ့ လုပ်ငန်းစဉ်မျိုးကို ချမှတ်ပြီးတော့ လုပ်ကိုင်ဆောင်ရွက်မှသာ ဒီနိုင်ငံက အပြောင်းအလဲဖြစ်လိမ့်မယ်လို့ ကျွန်တော်က အဲဒီလို သုံးသပ်ပါတယ်။ အဲဒါကြောင့် အခုသက်တမ်းတိုးပြီးရင် လူထုအတွက်အကျိုးရှိတဲ့ ပြုပြင်ပြောင်းလဲမှုကို လုပ်လာနိုင်မလားဆိုတာ စောင့်ကြည့်ဖို့တော့ လိုဦးမယ်လို့ မြင်တယ်"

ပြုပြင်ပြောင်းလဲမှုနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှု မရှိဘဲ အာဏာသိမ်းစစ်ကောင်စီအနေနဲ့ ဆက်လက်ခေါင်းမာနေမယ်ဆိုရင် နိုင်ငံအတွင်းမှာ စစ်ရေးပဋိပက္ခတွေ ပိုကျယ်ပြန့်လာမယ်လို့ သူကဆိုပါတယ်။

စစ်ကောင်စီဟာ ရတဲ့နည်းနဲ့ အာဏာကို ဆက်လက်ချုပ်ကိုင်မှာဖြစ်လို့ စစ်ကောင်စီက လုပ်မယ်ဆိုတဲ့အပြောင်းအလဲတွေကို မမျှော်လင့်ဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

“ဆိုလိုတာက သူက ရွေးကောက်ပွဲလုပ်ချင်တာဗျာ။ ရွေးကောက်ပွဲအတွက် မဲစာရင်းလည်းမလုပ်နိုင်၊ လူဦးရေစာရင်းလည်း မကောက်နိုင်၊ စည်းရုံးရေးလည်းမဆင်းနိုင်ဆိုတော့ ဒီအတိုင်းပဲဆက်ဖြစ်လိမ့်မယ်လို့ ကျွန်တော်ကတော့ ဟောကိန်းထုတ်ခဲ့ပါတယ်။ လုံးဝ သူကအရှုံးပေးပြီးတော့ နန်းပေါ်ကဆင်းရတဲ့ အချိန်ထိ ဒီအတိုင်းပဲ ဆက်သွားကြမှာပါ။ ကျန်တာတွေက သူတို့အပေါ်မှာ ကြံဖန်ပြီးတော့ လူတွေကမျှော်လင့်ချက် ထားနေကြတာ ကျွန်တော်တို့ပြည်သူလူထုကတော့ မျှော်လင့်ချက်မထားပါဘူး”

စစ်ကောင်စီက သက်တမ်းထပ်တိုးလိုက်တာကြောင့် နိုင်ငံတစ်ဝန်း တိုက်ပွဲတွေ ဆက်တိုးလာနိုင်တယ်လို့လည်း နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။

အာဏာသိမ်းသုံးနှစ်အတွင်းမှာလည်း တစ်နိုင်ငံလုံးရဲ့ မြို့နယ်ပေါင်း ၃၃၀ အနက် ၂၂၁ မြို့နယ်မှာ တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ မြန်မာ့မဟာ ဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေး အင်စတီကျု (ISP-Myanmar) က အခု ဇန်နဝါရီလထဲမှာပဲ ထုတ်ပြန်ထားပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာ/လုံ) ကို နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတ နှစ်ဦး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီး အပါအဝင် စုစု‌ပေါင်း ၁၁ ဦးနဲ့ ဖွဲ့စည်းထားပါတယ်။

လက်ရှိကာလုံအဖွဲ့ကို စစ်တပ်အာဏာသိမ်းပြီးမှ ခန့်အပ်ထားတဲ့ ယာယီသမ္မတ ဦးမြင့်ဆွေက ဦးဆောင်နေပြီး ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ စစ်ကောင်စီရဲ့ ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး လေးဦးအပါအဝင် စုစုပေါင်း ကိုးဦးနဲ့ ဖွဲ့စည်းထားပါတယ်။

အာဏာသိမ်းပြီးနောက်မှာ သမ္မတဦးဝင်းမြင့် ဖမ်းဆီးခံထားရပြီး၊ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းတို့ ကာလုံအဖွဲ့မှာ မပါဝင်တော့ပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။