အာဏာသိမ်းနှစ်နှစ်ပြည့် ဖေဖော်ဝါရီ ၁ ရက်မှာ ကာလုံအစည်းအဝေး ကျင်းပမည်
2023.01.19
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်း နှစ်နှစ်ပြည့် လာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ကာလုံလို့ အတိုကောက် ခေါ်ဝေါ်ကြတဲ့ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးကို ခေါ်ယူသွားမယ်လို့ စစ်ကောင်စီက RFA ကို ဒီနေ့ပြောပါတယ်။
အဲဒီအစည်းအဝေးမှာ ကုန်လွန်ခဲ့တဲ့ အချိန်နှစ်နှစ်တာကာလအခြေအနေကို အစီရင်ခံရမှာ ဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက RFA ကို ပြောပါတယ်။
"အဓိကကတော့ ကျနော်တို့ ၂ နှစ်ပြည့်တဲ့အခါ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီမှာ အစီရင်ခံ တင်ပြရမှာ ရှိပါတယ်။ အဲဒီမှာ အစီရင်ခံ တင်ပြမယ့်ဟာကို စောင့်ကြည့်ပေးဖို့ ပြောချင်ပါတယ်။ ပြီးတော့ ဒါက ပုံမှန်ပါပဲ။ ဖေဖော်ဝါရီလ ၁ ရက် နေ့က ခေါ်ရမယ့် ကိစ္စပါပဲ"
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို နိုင်ငံတော်သမ္မတ၊ ဒုတိယ သမ္မတ နှစ်ဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးတို့နဲ့ ဖွဲ့စည်းထားပါတယ်။
အာဏာသိမ်းတဲ့နေ့နဲ့ နောက်ပိုင်း ကျင်းပခဲ့တဲ့ ကာလုံအစည်းအဝေးတွေမှာတော့ ယာယီသမ္မတ ဦးမြင့်ဆွေက ဦးဆောင်ပြီး လက်ရှိ စစ်ကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုဥက္ကဋ္ဌ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်နဲ့ စစ်ကောင်စီက ခန့်အပ်ထားတဲ့ ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးတွေ တက်ရောက်ပါတယ်။ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ ကတော့ ကျန်းမာရေးအကြောင်းပြချက်နဲ့ ခွင့်တိုင်တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းယူခဲ့ပြီး ယာယီသမ္မတ ဦးမြင့်ဆွေက အရေးပေါ် ကာလဆိုင်ရာ ပြဌာန်းချက်တွေအရ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အာဏာအရပ်ရပ်ကို လွှဲပြောင်းပေးခဲ့တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ခဲ့ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အရေးပေါ်ကာလကို အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကနေ ၁ နှစ် တစ်ကြိမ်၊ ၆ လ နှစ်ကြိမ် သက်တမ်းတိုးခွင့်ပေးထားပြီး ဖြစ်လို့ အခုအခြေအနေမှာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို နိုင်ငံတော်ရဲ့ အခြေအနေတွေ အစီရင်ခံ တင်ပြပြီးတော့ ရွေးကောက်ပွဲ ကျင်းပပေးရမှာ ဖြစ်ပါတယ်။
စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ကာ/လုံမှာ အစီရင်ခံ တင်ပြချက် တွေပေါ်မှာ မူတည်ပြီး တိုင်းပြည်က ဘယ်လိုပုံစံနဲ့ ရှေ့ဆက်သွားမလဲဆိုတာကို သိရှိနိုင်မှာ ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ သီပေါမြို့နယ် လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းက ပြောပါတယ်။
"သူအစီရင်ခံတဲ့အပေါ်မှာ ကျန်တဲ့ ကာ/လုံ အဖွဲ့ဝင်တွေက ဆုံးဖြတ်ချက်ပေးရမှာ ပေါ့နော်။ တစ်ကယ်လို့ သက်တမ်း ဆက်ပြီးတော့တိုးမယ်ဆိုရင်လည်း ပုဒ်မ ၄၂၅ အရ သာမန်အခြေအနေမှာ ၆ လ၊ ၆ လ နှစ်ကြိမ် တိုးနိုင်တယ်လို့ ပါထားတော့ အခုက သာမန်အခြေအနေ မဟုတ်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ သက်တမ်းတိုးတာမျိုးလည်း ဖြစ်နိုင်သလို ရွေးကောက်ပွဲကိုတော့ ကျင်းပလို့ ရနိုင်သမျှနေရာတွေမှာ ကျင်းပမယ် ဆိုတာမျိုးလည်း ဖြစ်နိုင်တယ်"
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းပြီးဖြစ်ကြောင်း ၂၀၂၁ ခုနှစ်ကတည်းက အများပြည်သူသိအောင် ကြေညာခဲ့ပြီး ဖြစ်ပါတယ်။