NLD လူငယ်အစည်းအဝေးတက်ဖို့ ပြည်နယ်နဲ့တိုင်း လူငယ်များ ရန်ကုန်ရောက်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က မနက်ဖြန် ကျင်းပ မယ့် လူငယ်အစည်းအဝေး တက်ရောက်ဖို့အတွက် ပြည်နယ်နဲ့တိုင်း အသီးသီးက လူငယ် ၁ ရာကျော် ဒီကနေ့ ရန်ကုန်ကို ရောက်လာတယ်လို့ သိရပါတယ်။

2010.11.21
assk_t-shirt_nld_youth_305_z.png ‘ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ...’ ဟူသော စာတမ်းပါ တီရှပ်ဆင်တူ ဝတ်ဆင်၍ နိုဝင်ဘာ ၁၂ ရက်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးရှေ့တွင် ဒေါ်အောင်ဆန်းစုကြည် လွတ်လာမည်ဟု မျှော်လင့် စောင့်ဆိုင်းနေသူများ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

ဒီ အစည်းအဝေးဟာ ခါတိုင်း သုံးလပတ် လူငယ် အစည်းအဝေးတွေနဲ့ မတူဘဲ ဒေါ်အောင်ဆန်းစုကြည် ၇ နှစ်တာ နေအိမ်အကျယ်ချုပ်က ပြန်လွတ်လာအပြီး ပထမဦးဆုံးအကြိမ် ကျင်းပတာဖြစ်တဲ့အတွက် ပြည်နယ်နဲ့တိုင်း အဆင့်သာမကဘဲ မြို့နယ်အဆင့်တွေပါ တက်ရောက်ကြမယ်လို့ ပါတီ ပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က RFA ကို ပြောပါတယ်။

“မနက်ဖြန် ၂၂ ရက်နေ့မှာ အဖွဲ့ချုပ် လူငယ်ထု စည်းဝေးပွဲ ရှိတယ်။ လူငယ်ဖော်ဆောင်ရေး အဖွဲ့ဆိုတာကို ဗဟိုမှာ ဖွဲ့ထားပြီးတော့ ပြည်နယ်တိုင်း အသီးသီးမှာ လူငယ်ဖော်ဆောင်ရေး အထောက်အကူပြု အဖွဲ့များဆိုပြီး ဖွဲ့ထားတယ်။ အဲဒီအဖွဲ့က အစည်းအဝေး တက်ဖို့ ပြည်နယ်တိုင်း အသီးသီးက လူငယ် ကိုယ်စားလှယ် အားလုံးပေါင်း တရာကျော်လောက် ရောက်နေပါပြီ။ နက်ဖြန်မနက် ၁၀ နာရီမှာ စမယ်။ အထွေထွေ အတွင်းရေးမှူး ကိုယ်တိုင် တက်မယ်”

NLD ခေါင်းဆောင်တွေ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာပြီး လူငယ်တွေရဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေကို ဦးစားပေး ဖော်ဆောင်လိုတဲ့ ရည်ရွယ်ချက်နဲ့ လူငယ် အစည်းအဝေးကို မနက်ဖြန် ကျင်းပဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

ဒီအစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်က လူငယ်တွေရဲ့ နိုင်ငံရေးအမြင်၊ စည်းရုံးရေးအမြင်တွေကို တင်ပြနိုင်အောင် စီစဉ်ထားဖို့လည်း ပန်ကြားထားတယ်လို့ ဦးအုန်းကြိုင်က ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်က လူငယ်တွေရဲ့ ပြောဆိုဆွေးနွေးတဲ့ အသံနဲ့ လက်ရှိဖြစ်နေတဲ့ လူငယ် စည်းရုံးရေး အခြေအနေတွေကို အသေးစိတ် ကျယ်ကျယ်ပြန့်ပြန့် သိချင်တယ်လို့ ပြောထားတယ်။ ဆွေးနွေးစေချင်တယ်လို့ ကျင်းပမယ့်သူတွေကို မှာကြားထားတယ်။ ဒီနေ့ ပြည်နယ်အသီးသီးက လာတဲ့ လူငယ်တွေကလည်း ဟိုမှာ ပဏာမ ဆွေးနွေးမှုတွေ လုပ်ပြီးတော့ တင်ပြဖို့ ပြင်ဆင်လာကြတယ်လို့ ပြောတယ်။ နက်ဖြန်မနက် ၁၀ နာရီခွဲမှာ စပါမယ်”

NLD က ဦးအုန်းကြိုင် ပြောသွားတာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။