နတ်မောက်မှာ ဒေသခံငါးဦး ရိုက်နှက်ဖမ်းဆီးခံထားရ

2022.11.10
Share on WhatsApp
Share on WhatsApp
နတ်မောက်မှာ ဒေသခံငါးဦး ရိုက်နှက်ဖမ်းဆီးခံထားရ ၂၀၂၁ ခုနှစ်၊ ဧပြီလက စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြခဲ့ကြသည့် မကွေးတိုင်း နတ်မောက်မြို့နယ်က ဒေသခံများအား တွေ့ရစဉ်။
Photo: Ko Phyoe

မကွေးတိုင်း၊ နတ်မောက်မြို့နယ် ဒီးဒုတ်ခင်ရွာကို နိုဝင်ဘာလ ၁၀ ရက် ဒီနေ့မနက်က စစ်ကောင်စီတပ်သားတွေ ဝင်ရောက်လာပြီးနောက် ဒေသခံငါးဦး ရိုက်နှက်ဖမ်းဆီးခံထားရ တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသကာကွယ်ရေးတပ်ဖွဲ့ PDF တွေကို ကူညီပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရိုက်နှက် ဖမ်းဆီးခံရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဘာကြောင့်ဖမ်းတာလဲဆိုတော့ သူတို့ရဲ့ PDF တွေကို ကူညီပေးထားတယ်ဆိုတဲ့ ဒလန်သတင်းပေးတာကြောင့် ပေါ့ဗျာ။ စစ်ကြောင်းထိုးလို့မဟုတ်ဘူး။ သူတို့သတင်းရလို့။ ဒလန်ကသတင်းပေးလိုက်တာ”

အဖမ်းခံရသူငါးဦးထဲမှာ အမျိုးသမီးတစ်ဦးပါဝင်တယ်လို့လည်း သူက ဆိုပါတယ်။ ဒါပေမဲ့ အဖမ်းခံရသူတွေရဲ့ အမည်နဲ့ အသက်အရွယ်ကိုတော့ မသိရသေးပါဘူး။

ရိုက်နှက်ဖမ်းဆီးခံရမှုနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ လူမှုရေးရာ ဝန်ကြီး ဦးစိုးပိုင်မြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်း မပြန်ပါဘူး။

လက်ရှိမှာ အင်အား ၈၀ ဝန်းကျင်ရှိတဲ့စစ်ကောင်စီတပ်သားတွေဟာ ဒီးဒုတ်ခင်ရွာကို ဝိုင်းထားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဒီးဒုတ်ခင်ရွာနဲ့ တစ်ရွာကျော်မှာရှိတဲ့ ဖက်တောရေကျေးရွာကိုလည်း အောက်တိုဘာလ ၁၇ ရက်နေ့ကဝင်ရောက်ပြီးနောက် ရွာသား ၁၀၀ ဝန်းကျင် ထိန်းသိမ်း စစ်ဆေးခံနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်းမီဒီယာတွေမှာ ဖော်ပြချက်တွေနဲ့ ဒေသခံတွေပြောဆိုချက်အရ မကွေးတိုင်းမှာ ပြီးခဲ့တဲ့ အောက်တို ဘာလအတွင်းက လူရှစ်ဦး အသတ်ခံရပြီး နေအိမ် ၃၉၉ လုံး မီးရှို့ခံခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။