နွားထိုးကြီးမှာ ဘုန်းကြီးကျောင်းကို ဗုံးကြဲလို့ သုံးဦး သေဆုံး၊ ငါးဦး ဒဏ်ရာရ

RFA Burmese
2024.08.20
နွားထိုးကြီးမှာ ဘုန်းကြီးကျောင်းကို ဗုံးကြဲလို့ သုံးဦး သေဆုံး၊ ငါးဦး ဒဏ်ရာရ နွားထိုးကြီးမြို့နယ်ရှိ ကွမ်းအုံရွာ ဘုန်းကြီးကျောင်း ၂၀၂၄ ခုနှစ် ဩဂုတ်လ ၂၀ ရက်နေ့က လေကြောင်းတိုက်ခိုက်ခံရပြီးနောက် ပျက်စီးနေသည်ကို တွေ့ရစဥ်။
နွားထိုးကြီး-Journal

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် ကွမ်းအုံရွာက ဘုန်းကြီးကျောင်းနဲ့ အနီးတစ်၀ိုက်ကို ဩဂုတ်လ ၂၀ ရက်နေ့မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား သုံးဦး သေဆုံးပြီး ရဟန်းတစ်ပါး အပါအဝင် ငါးဦး ဒဏ်ရာရခဲ့တယ်လို့ နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

နွားထိုးကြီးမြို့နဲ့ ၁၂ ခန့်မိုင်အကွာ တောင်သာမြို့ နယ်အစပ်မှာရှိတဲ့ ကွမ်းအုံရွာကို တိုက်ပွဲဖြစ်တာမရှိဘဲ ဂျက်တိုက်လေယာဉ်နဲ့ ပေါင် သုံးရာဗုံး နှစ်လုံးကြဲချပြီး စက်သေနတ်နဲ့ပါ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

ဒီတိုက်ခိုက်ခံရမှုမှာ အသက် ၇၀ အရွယ်တွေဖြစ်တဲ့ ဦးအောင်ငွေ၊ ဦးညိုခနဲ့ အသက် ၆၀ အရွယ် ဦးကျော်ဆန်းတို့ သေဆုံးပြီး နောက်ထပ်အရပ်သားတွေလည်း ဒဏ်ရာရခဲ့တာလို့ နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“အသားလွတ်ကြဲတာပေါ့ အဲဒီနေရာမှာ ဘာမှတိုက်ပွဲဖြစ်စဉ်လည်း မရှိဘူး။ ပြီးရင် စုဝေးတာမျိုးလည်း မရှိဘူးလေ။ ဘုန်းကြီးကျောင်းကို ရည်ရွယ်ချက်ရှိရှိ ကြဲသွားတာပေါ့။ သေတာ ထိတာတွေ အကုန်လုံးက သက်ကြီးရွယ်အိုတွေဗျ။ တစ်ဦးက ပွဲချင်းပြီး၊ နောက်နှစ်ယောက်က ဆေးကုပြီး ညပိုင်းလောက်မှ ထပ်ဆုံးတာ။ ကျန်တဲ့သူတွေကတော့ လက်တွေ၊ ခြေထောက်တွေ ဗုံးစမှန်တာ”

ဒဏ်ရာရသူတွေကို ဆေးကုသမှုပေးနေပြီး ဒီတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းနဲ့ နေအိမ်တချို့လည်း ပျက်စီးတယ်လို့ သူက ပြောပါတယ်။

ဩဂုတ်လ ၁၈ ရက်နေ့ကလည်း နွားထိုးကြီးမြို့နယ် မင်းရွာနဲ့ ပျားရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းက နေ ဗုံးကြဲလို့ စေတီပုထိုးတွေ၊ စာသင်ကျောင်းတွေနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

မြင်းခြံခရိုင်အတွင်းက ရွာတွေမှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်လာတာ ကြောင့် ပြည်သူတွေအနေနဲ့ လေကြောင်းရန်ကာကွယ်နိုင်မဲ့ နေရာတွေပြုလုပ်ပြီး သတိနဲ့နေထိုင်ကြဖို့ ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်တွန်းထားပါတယ်။

မန္တလေးတိုင်းထဲက မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးမြို့နယ်တွေမှာ “မြင်းခြံခရိုင် စစ်ဆင်ရေး” အဖြစ် သြဂုတ် ၁၀ ရက်နေ့ကစလို့ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို ကာကွယ်ရေးပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်ကလည်း အဲဒီမြို့နယ်တွေမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေရှိနေသလို သပိတ်ကျင်းနဲ့ ငါန်းဇွန်မြို့နယ်တွေမှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။