နောင်ချိုမှာ လက်နက်ကြီးကြောင့် သားအမိသုံးဦး သေဆုံး

RFA Burmese
2024.09.17
နောင်ချိုမှာ လက်နက်ကြီးကြောင့် သားအမိသုံးဦး သေဆုံး ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ကို စစ်ကောင်စီတပ် လေကြောင်းမှုကြောင့် ပျက်စီးသွားသည့် အ‌ဆောက်အအုံတချို့ကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့က တွေ့ရစဉ်။
Telegram/ PSLF/TNLA News

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်မှာ စက်တင်ဘာ ၁၇ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီတပ်ကပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အသက် ၄၀ အရွယ် ဒေါ်ချိုမြင့်အပါအဝင် အသက် ၃ နှစ်နဲ့ ၁၇ နှစ်အရွယ် သူရဲ့သား နှစ်ဦးပါ သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲတွေကြောင့် စစ်ဘေးတိမ်းရှောင်နေရာကနေ နေရပ်ကိုခဏပြန်လာစဥ် ဒီဖြစ်ရပ်နဲ့ကြုံခဲ့ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နောင်ချိုမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“လက်နက်ကြီး ထိတဲ့သူတွေက ရေတွင်းကြီးရွာဘက်မှာ စစ်ရှောင်နေရာကနေ အိမ်ကို ခဏပြန်လာတုန်း ထိတာပေါ့။ သူတို့နေရာကို တည့်တည့်ကျတော့ ခန္ဓာကိုယ်အပိုင်းအစတွေက ရှာလို့တောင်မရဘူး။ အကုန်လွင့်စင်ထွက်သွားတာပါ”

စျေးကုန်းရွာနဲ့ လေးမိုင်အကျော်မှာ အခြေစိုက်ထားတဲ ဘန့်ဘွေး စစ်ကောင်စီတပ်စခန်းကနေ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

နောင်ချို့မြို့ပေါ် အပါအဝင် တစ်မြို့နယ်လုံးနီးပါးကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က သိမ်းပိုက်ထားပြီး အဲဒီမြို့နယ်အတွင်း အနည်းငယ် ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်ရင်း၊ တပ်ဖွဲ့တွေနဲ့လည်း ဒီနေ့အထိ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့သြဂုတ်လ တစ်လအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် နိုင်ငံတစ်ဝန်းမှာ လူ ၄၅ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။