နောင်ချိုမြို့နယ် အမှတ်-၉၀၂ အမြောက်တပ်အနီး တိုက်ပွဲပြင်းထန်နေ

RFA Burmese
2024.09.03
နောင်ချိုမြို့နယ် အမှတ်-၉၀၂ အမြောက်တပ်အနီး တိုက်ပွဲပြင်းထန်နေ နောင်ချို-ကျောက်မဲ လမ်းပိုင်းကိုထိန်းချုပ်ထားသည့် TNLA တပ်ဖွဲ့တွေကို ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် တောင်ခမ်းရွာအနီးက အမှတ်-၉၀၂ အမြောက်စခန်း ကွပ်ကဲမှုဌာနချုပ်အနီးမှာ စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့ စက်တင်ဘာ ၃ ရက် ဒီနေ့အထိ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စင်တင်ဘာ ၁ ရက်နေ့ကတည်းက တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်းကနေ ပြင်းပြင်းထန်ထန်တိုက်ခိုက်နေတယ်လို့ နောင်ချိုဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“တစ်ညလုံးပဲ နားလိုက်၊ တိုက်လိုက်နဲ့ မိုးကလည်း ရွာနေတော့ တိုက်ပွဲက ထင်ထားတာထက် ပိုပြင်းထန်နေပါတယ်။ လေကြောင်းကနေလည်း အဆက်မပြတ် ပစ်နေတယ်။ နှစ်ဖက်အကျအဆုံးလည်း များတယ်လို့ ကြားတယ်”

အမှတ်-၉၀၂ အမြောက်စခန်း ကွပ်ကဲမှုဌာနချုပ်အနီးက အမြောက်တပ်ရင်းတွေဖြစ်တဲ့ အမတ- ၄၀၆ နဲ့ အမတ-၂၀၆ တို့ကိုတော့ သြဂုတ် ၂၈ ရက်နေ့ကတည်းက TNLA က သိမ်းပိုက်ထားတာပါ။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်နဲ့ TNLA ပြောခွင့်ရသူ လွေးယေဦးတို့ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

၂၀၁၇ စစ်ဆင်ရေး ဒုတိယပိုင်းဖြစ်တဲ့ ရှမ်း-မန်း စစ်ဆင်ရေးမှာ တော်လှန်ရေး ပူးပေါင်းတပ်တွေက လားရှိုး၊ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ မိုးမိတ်၊ တကောင်း၊ သပိတ်ကျင်းနဲ့ စဥ့်ကူးမြို့တွေကို သိမ်းပိုက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။