နေပြည်တော် နိုင်ငံတော်ဧည့်ဂေဟာအနီးက ဓာတ်အားခွဲရုံ ဗုံးခွဲတိုက်ခိုက်ခံရ
2023.04.15
နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်မှာရှိတဲ့ နိုင်ငံတော်ဧည့်ဂေဟာအနီး ဓာတ်အားခွဲရုံကို ဧပြီ ၁၄ ရက် ည ၇ နာရီက ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ စစ်တောင်းမြို့ပြပြောက်ကျား တပ်ဖွဲ့က RFA ကို အတည်ပြုပြော ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် ဓာတ်အားခွဲရုံအတွင်းက ထရန်စဖော်မာတချို့ ပျက်စီးပြီး နိုင်ငံတော် ဧည့်ဂေဟာဝင်းမှာလည်း လျှပ်စစ်မီးပြတ်တောက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီဓာတ်အားခွဲရုံဟာ ဧပြီ ၁၅ ရက်နေ့လယ်အထိ လျှပ်စစ်မီးမထုတ်လွှင့်နိုင်သေးဘဲ ပြင်ဆင်မှုတွေ လုပ်နေတယ်လို့ စစ်တောင်းမြို့ပြပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
"ဒီနေ့အထိ ပြင်ဆင်မှုတွေလုပ်နေရတယ်။ မီးလည်းမပေးနိုင်သေးဘူးလို့ သိထားပါတယ်။ ဒီဓာတ်အားခွဲရုံက ထုတ်လွှင့်တဲ့ လျှပ်စစ်မီးတွေဟာ ခရိုနီတွေပိုင်ဆိုင်တဲ့ ဟိုတယ်တွေ ကိုပဲ အဓိကပေးတာ၊ တိုက်ပွဲတွေကြောင့် လျှပ်စစ်မီးပြတ်တောက်နေတဲ့ ပြည်သူတွေရဲ့ ဘဝကို ကိုယ်ချင်းစာတတ်အောင် ကျနော်တို့အဖွဲ့က လုပ်ခဲ့တာ ဖြစ်တယ်"
အဲဒီဖောက်ခွဲမှုအပြီးမှာ ရုရှားနိုင်ငံရဲ့သံတမန်တွေ၊ စစ်ဘက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ သင်္ကြန်ကာလဖျော်ဖြေပွဲ အတွက် နေပြည်တော်ကိုရောက်ရှိနေတဲ့ အနုပညာရှင်တွေ နေထိုင်ရာ နိုင်ငံတော်ဧည့်ဂေဟာကို လုံခြုံရေး နှစ်ဆနီးပါး တိုးချတာတွေ့ရတယ်လို့ ဆိုပါတယ်။
ဒီဖောက်ခွဲမှုနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာထုတ်ပြန်တာမျိုး အခုထိမရှိသေးပါဘူး။
နေပြည်တော်မှာ မြို့အဝင်အထွက်ဂိတ်တွေ၊ အစိုးရရုံးတွေကို လုံခြုံရေးတင်းကျပ်ထား ပေမယ့် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားကို အထောက်အကူပြုနေတဲ့ ရဲစခန်း၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံး၊ အစိုးရဘဏ်တွေနဲ့ လုံခြုံရေးကင်းစခန်းတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ ရှိနေပါတယ်။