DVB သတင်းထောက်ဟောင်း ကိုနေလင်းထိုက် အင်းစိန်ထောင်မှာ သေဆုံး
2024.07.30
ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) သတင်းထောက်ဟောင်းဖြစ်သူ အသက် ၄၀ ကျော်အရွယ် ကိုနေလင်းထိုက်ဟာ အင်းစိန်ထောင်မှာ ဇူလိုင်လ ၂၉ နေ့က ကင်ဆာရောဂါနဲ့ သေဆုံးသွားတယ်လို့ DVB သတင်းထောက်တစ်ဦး က RFA ကို ဇူလိုင်လ ၃၀ ရက်နေ့ ညနေက ပြောပါတယ်။
သူဟာ ထိရောက်တဲ့ဆေးဝါးကုသမှုတွေ မရခဲ့လို့ အခုလို သေဆုံးခဲ့ရတာလို့ သူ့ရဲ့ မိတ်ဆွေတွေက ပြောပါတယ်။
ကိုနေလင်းထိုက်ဟာ စစ်တပ်အာဏာမသိမ်းခင်က ပဲခူးတိုင်း၊ အရှေ့ခြမ်းဘက်က သတင်းတွေကိုယူပြီး DVB သတင်းဌာနမှာ အလွတ်သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့သူပါ။
သူဟာ စစ်တပ်အာဏာသိမ်းပြီနောက်ပိုင်း စစ်တပ်ကိုတော်လှန်ဖို့ စည်းရုံးရေးလုပ်ရင်း ဖမ်းဆီးခံခဲ့ရတာလို့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် သတင်းသမားတစ်ဦးက RFA ကို ပြောပါတယ်။
"သူက သတင်ထောက်ဟောင်းဆိုပေမယ့် သတင်ထောက်လုပ်ရင်း ဖမ်းဆီးခံခဲ့ရတာ မဟုတ်ဘူး။ စစ်ကောင်စီတပ်ကို တော်လှန်ဖို့ တော်လှန်ရေးလုပ်ရင်း ဖမ်းဆီးခံလိုက်ရတာ။ အဲဒီမှာ စည်းရုံးရေးမှူးလုပ်ခဲ့တယ်လို့တော့ သတင်ပြန်ကြားရတယ်။ သူ့ကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ-၅၀၅ (က)နဲ့ တရားစွဲခံခဲ့ရတဲ့အပြင် စစ်တပ်အာဏာသိမ်းပြီးမှ ပြင်ဆင်လိုက်တဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ-၅၂ (က) နဲ့ပါ တရားစွဲပြီး ဒိုက်ဦး ဗဟိုအကျဉ်ထောင်မှာ ၂၀၂၂ ခုနှစ်က ထောင်ချခံခဲ့ရတဲ့သူပါ"
ကိုနေလင်းထိုက်ဟာ ဒိုက်ဦး အကျဉ်းထောင်မှာ အကျဉ်းကျနေစဉ် ခံတွင်းကင်ဆာဖြစ်ရာကနေ အင်းစိန်အကျဉ်းထောင်ကို ဆက်လက်ပြောင်းရွှေ့ခံခဲ့ရတာပါ။
သူ့ရဲ့ မိသားစုကလည်း ထွက်ပြေး တိမ်းရှောင်နေရတာကြောင့် ထောင်ဝင်စာ လာတွေ့မဲ့သူတွေတောင် မရှိခဲ့ဘူးလို့ ကိုနေလင်းထိုက်ရဲ့ နောက်ထပ် မိတ်ဆွေတစ်ဦးက RFA ကို ပြောပါတယ်။
"သူက ကွမ်းကြိုက်တယ်၊ ပါးစပ်မှာ အနာတွေပေါက်ပြီး ဒိုက်ဦးမှာ ဆေးကုဖို့ မနိုင်တော့မှ အထူးဆေးကုသရမယ့် နိုင်ကျဉ်းသားတစ်ယောက်အနေနဲ့ ဒိုက်ဦးထောင်ကနေ အင်းစိန်ထောင်ကို ပြောင်းရွှေ့ခဲ့ရတာ။ သူမပြောင်းခင်တောင် ကျွန်တော့ကို မှာသွားသေးတယ်။ သူ့ဆီ ထောင်ဝင်စာလာတွေ့တဲ့သူတွေမရှိတော့ သူ့အကြောင်း၊ သူနဲ့ပတ်သက်တဲ့သူတွေသိရအောင် သူဘယ်မှာရှိနေတဲ့အကြောင်းနဲ့ သူကျန်းမာရေး အခြေအနေတွေကို ပြောပြတယ်"
ကိုနေလင်းထိုက် သေဆုံးမှုနဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ အကျဉ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ရုံးကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာမရှိပါဘူး။