နေပြည်တော်မှာ ရေဘေးကြောင့် သီးနှံစိုက်ဧက သောင်းချီ ထိခိုက်ပျက်စီး

RFA Burmese
2024.09.16
နေပြည်တော်မှာ ရေဘေးကြောင့် သီးနှံစိုက်ဧက သောင်းချီ ထိခိုက်ပျက်စီး နေပြည်တော် ဇေယျာသီရိမြို့နယ်၊ ရေပြန်ကျသွားသည့် ပင်လောင်းလမ်းဆုံအနီးအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့က တွေ့ရစဉ်။
Myanmar Fire Services Department Photo

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်မှာ ရေကြီးရေလျှံတာကြောင့် သီးနှံစိုက်ဧကပေါင်း ၁၇၀၀၀ ကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့ စစ်ကောင်စီက စက်တင်ဘာလ ၁၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ရေကြီးမှုကြောင့် နေပြည်တော် ကောင်စီနယ်မြေမှာ သီးနှံစိုက်ဧကပေါင်း ၄၇၀၀၀ ကျော်ရေဝင်နစ်မြုပ်ခဲ့ပြီး ရေပြန်ကျချိန်မှာ မနေ့ကအထိ ဧက ၂၈၀၀၀ ကျော် ပြန်ပေါ်ခဲ့တာပါ။

ပြန်ပေါ်ခဲ့တဲ့ စိုက်ဧကထဲက ဧက ၁၇၀၀၀ ကျော် ထိခိုက်ပျက်စီးခဲ့တာဖြစ်ပြီး ရေမြုပ်နေဆဲ စိုက်ဧကတွေရဲ့ နောက်ဆက်တွဲ အခြေအနေတွေကိုတော့ မသိရသေးပါဘူး။

ပျက်စီးခဲ့တဲ့ သီးနှံတွေထဲမှာ မတ်ပဲ၊ ပြောင်း၊ နှမ်းနဲ့ စပါးစိုက်ခင်းတွေ ပါဝင်တယ်လို့ နေပြည်တော်ဒေသခံ တောင်သူလယ်သမားတွေက ပြောပါတယ်။

ပျက်စီးဆုံးရှုံးမှု ပမာဏများတာကြောင့် ပြန်လည်ထူထောင်ဖို့ ခက်ခဲနေတယ်လို့ နေပြည်တော် တပ်ကုန်းမြို့နယ်မှာ နေထိုင်တဲ့ တောင်သူတစ်ဦးက RFA ကို ပြောပါတယ်။

“လယ်ဧက များများပိုင်ရင် များများဆုံးရှုံးတယ်။ သီးနှံတွေပြန်စိုက်ဖို့က မလွယ်နိုင်ဘူး။ သူ့အကွက် ကိုယ့်အကွက်တောင် မမှတ်မိတော့ဘူး။ ကန်သင်းတွေလည်း မရှိတော့ဘူး။ အကုန်လုံး သစ်တွေနဲ့ နုန်းတွေနဲ့ ဖုံးကုန်ပြီ။ ဆုံးရှုံးမှုတွေက တန်ကြေးနဲ့တွက်ရင် သာမန်တောင်သူအနေနဲ့ အနည်းဆုံး သိန်းတစ်ရာ ပတ်ချာလည်မှာ ရှိတယ်။ တောင်သူကြီးတွေအနေနဲ့ သိန်းငါးရာအထက်မှာရှိတယ်”

ပျက်စီးခဲ့တဲ့ စိုက်ပျိုးမြေတွေမှာ ရာသီအမှီ ပြန်လည်စိုက်ပျိုးနိုင်ဖို့ သက်ဆိုင်ရာအာဏာပိုင်တွေက စက်ယန္တရားတွေနဲ့ ကူညီပေးရင်တောင် အချိန်ယူရမယ်လို့ သူက ပြောပါတယ်။

စစ်ကောင်စီကတော့ ပျက်စီးခဲ့တဲ့ စိုက်ပျိုးမြေတွေကို ရာသီအချိန်မှီ ပြန်လည်စိုက်ပျိုးနိုင်ဖို့နဲ့ ထိခိုက်ခဲ့တဲ့ စိုက်ခင်းတွေကို အထွက်နှုန်းနဲ့ သီးနှံအရည်အသွေး ထိခိုက်မှုသက်သာစေဖို့၊ ရေကြီးပြီးချိန် သီးနှံစိုက်ခင်းတွေမှာ ကျရောက်တတ်တဲ့ သီးနှံပိုးမွှားရောဂါတွေကို ကာကွယ်နှိမ်နင်းဖို့အတွက် နည်းပညာနဲ့ အကူအညီတွေ ပံ့ပိုးမယ်လို့ ပြောထားပါတယ်။

နေပြည်တော်ကောင်စီနယ်မြေ ရှစ်မြို့နယ်မှာ စုစုပေါင်းမိုးသီးနှံ ဧကသုံးသိန်းခွဲနီးပါးစိုက်ပျိုးထားတယ်လို့ စစ်ကောင်စီရဲ့ စိုက်ပျိုရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက ဖော်ပြထားပါတယ်။

စက်တင်ဘာလ ၉ ရက်နေ့စလို့ မိုးကြီးတာကြောင့် ဆင်သေချောင်းနဲ့ ငလိုက်ချောင်း အပါအဝင် ပေါင်းလောင်းမြစ်အတွင်းကို တောင်ကျချောင်းရေတွေ ဝင်ရောက်ပြီး နေပြည်တော် ကောင်စီနယ်မြေ ရှစ်မြို့နယ်ရှိတဲ့အထဲက ငါးမြို့နယ်မှာ ထိခိုက်ပျက်စီးတာတွေနဲ့၊ လူသေဆုံးတာတွေ ဖြစ်ခဲ့တာပါ။

နေပြည်တော် ရေဘေးမှာ ၄၂ ဦးသေဆုံးပြီး၊ လူနှစ်သောင်းခွဲခန့်ကို အရေးပေါ်ရွှေ့ပြောင်းခဲ့ရတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။