နေပြည်တော်အချုပ်ထောင်အကြောင်း ရှောင်တာနဲလ်ထုတ်ဖော်ပြောဆို

2022.11.22
Share on WhatsApp
Share on WhatsApp
နေပြည်တော်အချုပ်ထောင်အကြောင်း ရှောင်တာနဲလ်ထုတ်ဖော်ပြောဆို စစ်တပ်က အာဏာသိမ်းပြီးနောက် ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က မြင်တွေ့ရသည့် နေပြည်တော်အချုပ်ထောင် ဝင်ပေါက်ဂိတ် မြင်ကွင်း။
Photo: AFP

နေပြည်တော်အချုပ်ထောင်ထဲက အခြေအနေတွေဟာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အင်းစိန်ထောင်တွင်း အခြေအနေတွေထက် ပိုဆိုးလွန်းတယ်လို့ မကြာသေးခင်ကမှ ထောင်ကနေ ပြန်လွတ်လာတဲ့ ဩစတြေးလျနိုင်ငံသား မစ္စတာ ရှောင်တာနဲလ်က The Australian သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောလိုက်ပါတယ်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းတဲ့နေ့က ဖမ်းဆီးထိန်းသိမ်းခံရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်အချုပ်ထောင်ထဲကို သူမရောက်ခင်ကတည်းက ရောက်နှင့်နေပြီလို့ ဆိုပါတယ်။

သူကတော့ ဖမ်းဆီးခံ NLD ဝန်ကြီးတွေဖြစ်တဲ့ စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဝင်း၊ စီမံဘဏ္ဍာနဲ့ စက်မှုဒုဝန်ကြီး ဦးဆက်အောင်၊ စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်းတို့နဲ့ အတူတူနေခဲ့ရတယ်လို့ ဆိုပါတယ်။

နေပြည်တော်အချုပ်ထောင်ကို ရောက်ရောက်ချင်းနေ့မှာပဲ အရက်သောက်စားထားပြီး တော်တော်မူးယစ်နေတဲ့ ထောင်ပိုင်နဲ့ ပြောဆိုဆက်ဆံခဲ့ရတယ်လို့လည်း ဆိုပါတယ်။

သစ်ပင်တောအုပ်တွေမရှိဘဲ ဟင်းလင်းပြင်ကြီးထဲမှာရှိနေတဲ့ နေပြည်တော်အချုပ်ထောင်ရဲ့ ကွန်ကရစ်ခင်း သံမံတလင်းပေါ်မှာ အိပ်ခဲ့ရပြီး၊ ရာသီဥတုကလည်း တော်တော့်ကိုပူတယ်လို့လည်း ရှောင်တာနဲလ်က ပြောပါတယ်။

000_32NU3M4.jpg
၂၀၂၂ နိုဝင်ဘာလ ၁၇ ရက်နေ့က စစ်ကောင်စီ လွတ်ငြိမ်းသက်သာခွင့်နှင့် ပြန်လည်လွတ်မြောက်လာသည့် မစ္စတာ ရှောင်တားနဲလ် (ယာ)။ (AFP Photo/Australian Department of Foreign Affairs and Trade Angela Corcoran)

ပိုးဟပ်တွေ၊ ခြင်တွေများ၊ မီးကလည်းမရှိ၊ မိုးရွာတဲ့အခါ ခေါင်မိုးက မိုးယိုတာကြောင့် နောက်ဆုံးမခံနိုင်လို့ စိတ်ဆိုးပြီး တစ်ယောက်တည်း အော်ဟစ်ခဲ့တဲ့အထိ ဖြစ်ခဲ့ရတယ်လို့ ထုတ်ဖော်ပြောဆိုပါတယ်။

စစ်ကောင်စီလက်ထက် ထောင်တွင်းအခြေအနေတွေကို မစ္စတာ ရှောင်တာနဲလ်က ကမ္ဘာကသိအောင် ဖော်ထုတ်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ နေပြည်တော်အချုပ်ထောင်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားတဲ့နေရာလည်း ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အဲဒီထောင်ထဲမှာ ဆင်းဆင်းရဲရဲ နေနေရတဲ့အကြောင်း နီးစပ်သူတွေက ပြောပါတယ်။ စစ်ကောင်စီဘက်ကတော့ ကောင်းကောင်းမွန်မွန်ထားတယ်လို့ ငြင်းထားပါတယ်။

အရင် အာဏာသိမ်းစစ်အစိုးရလက်ထက်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်ဘဝနဲ့ပဲ နေခဲ့ရတာများပေမယ့် ဒီတစ်ကြိမ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အာဏာသိမ်းမှုမှာတော့ ထောင်ထဲကနေ ဒါဇင်နဲ့ချီတဲ့ စွပ်စွဲမှုတွေကို ရင်ဆိုင်နေရပါတယ်။

မစ္စတာ ရှောင်တာနဲလ်ဟာ NLD အစိုးရလက်ထက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေး အကြံပေးအဖြစ် ၂၀၁၇ ခုနှစ်ကတည်းက စတင်လုပ်ကိုင်ခဲ့ပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံခဲ့ရပြီး ထောင်ထဲမှာ ရက်ပေါင်း ၆၅၀ နေခဲ့ရပါတယ်။

၂၀၂၂ နိုဝင်ဘာလ ၁၇ ရက်နေ့က စစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွတ်လာပြီး ပြည်နှင်ဒဏ်အပေးခံခဲ့ရပါတယ်။

ဩစတြေးလျအစိုးရအနေနဲ့ မြန်မာစစ်တပ်နဲ့ စစ်တပ်ရဲ့ဘဏ်လုပ်ငန်းတွေကို ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့ဖို့လည်း ပြန်လွတ်လာပြီး သတင်းမီဒီယာတွေနဲ့ ပထမဆုံး တွေ့ဆုံမေးမြန်းခန်းမှာ မစ္စတာရှောင်တားနဲလ်က ပြောဆိုသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။