လယ်ဝေးက ရွာတစ်ရွာမှာ စစ်တောင်းမြစ်ရေတက်ပြီး လူသုံးရာကျော် ပိတ်မိ
နေပြည်တော် လယ်ဝေးမြို့နယ် ဟေမန်ရွာ (သစ်ဆင်)မှာ စစ်တောင်းမြစ်ရေတက်တာကြောင့် ရေကြီးနစ်မြုပ်နေပြီး ဒေသခံ ၃ဝဝ ကျော် ပိတ်မိနေတယ်လို့ ဒေသခံတွေက စက်တင်ဘာလ ၁၂ ရက်နေ့ညက ပြောပါတယ်။
ရွာထဲမှာ လူသုံးရာကျော်လောက် ပိတ်မိနေတယ်လို့ ဟေမာန်ရွာခံတစ်ဦးက RFA ကို ပြောပါတယ်။
"အခက်အခဲက တော်တော်ဖြစ်နေတာ။ ခေါင်မိုးပေါ်မှာ ၁၅ဝ လောက် ပိတ်မိနေတာ၊ ခုညနေ အကူအညီလှမ်းတောင်းတော့ စက်လှေတစ်စီးတော့ ရောက်တယ်။ စစ်လှေကလည်း တစ်ခေါက်မှာ ၁၂ ယောက်ပဲ ပါတယ်၊ နှစ်ခေါက်လောက်တော့ သယ်ပြီးသွားပြီ။ အမတို့ရွာက မီးကလည်းမရှိ၊ မှောင်လည်းမှောင်တော့ စက်လှေက ထပ်ဝင်လို့ မရဘူး။ မနက်ခင်းတော့ ထပ်ဝင်ပေးမယ်ပြောပါတယ်။ လူ ၃၀၀ ကျော်လောက်ရှိသေးတာပေါ့။ ရွာထဲမှာလည်း သစ်ပင်ပေါ်မှာတို့၊ နည်းနည်းမြင့်တဲ့အိမ်မှာ စုနေတာတို့၊ အဲလိုမျိုး ကျန်နေခဲ့သေးတယ်။ အဖိုးအဖွားတွေနဲ့အသက်ကြီးတဲ့လူတွေကိုပဲ ဦးစားပေး သယ်ပေးလိုက်တာ၊ ကျန်တဲ့လူတွေလည်း ကျန်သေးတယ်"
လူငယ်တွေနဲ့ အမျိုးသားတွေကတော့ ရေနည်းချိန်မှာ ဘေးလွတ်ရာကို ရေကူးပြီးသွားသလို မနက်ခင်း ရေနည်းချိန်က ဆယ်ဘီးကားတွေနဲ့ သယ်ယူတာကြောင့် လူနှစ်ရာကျော် ရေဘေးလွတ်ရာ ရေနီမြို့ပေါ်က အင်ပင်၊ တောင်စေအေး၊ တောင်သုံးလုံး စတဲ့ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေတယ်လို့လည်း ဆိုပါတယ်။
လက်ရှိမှာ စစ်တောင်းမြစ်ရေတက်လာပြီး တစ်ထပ်အိမ်တွေ နစ်မြုပ်နေပြီး နှစ်ထပ်အိမ်တွေနဲ့ မြင့်တဲ့အိမ်တွေရဲ့ ထုပ်တန်းတွေမှာ နေရတယ်လို့လည်း ပြောပါတယ်။ စစ်တောင်းမြစ်တစ်လျှောက်ရှိ ဟေမန်၊ သရက်တော၊ သရက်ကုန်း၊ အင်းသာ စတဲ့ ဆယ်ရွာထက်မနည်း ရေကြီးနစ်မြုပ်နေတာလို့လည်း ဆိုပါတယ်။
နေပြည်တော်ကောင်စီနယ်မြေမှာ ရေဘေးသင့်နေတဲ့ ရပ်ကွက်ကျေးရွာ ၄၃ အုပ်စုက လူဦးရေ ၇၅ဝဝဝ နီးပါးကို ယာယီကယ်ဆယ်ရေးစခန်း ၂၆ ခု ဖွင့်လှစ်ပြီး ကူညီကယ်ဆယ်ပေးနေတယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။