နေပြည်တော် လယ်ဝေးမြို့မရဲစခန်း ဗုံးပစ်တိုက်ခိုက်ခံရ

RFA Burmese
2023.06.13
နေပြည်တော် လယ်ဝေးမြို့မရဲစခန်း ဗုံးပစ်တိုက်ခိုက်ခံရ နေပြည်တော်၊ သပြေကုန်းအဝိုင်းအား ၂၀၂၀ ပြည့်နှစ်၊ ဧပြီလက တွေ့ရစဉ်။
Citizen Journalist

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့ မြို့မရဲစခန်း ဇွန်လ ၁၂ ရက်နေ့ညနေပိုင်းက လက်ပစ်ဗုံးနဲ့ ပစ်ခတ်ခံရတာကြောင့် ရဲတပ်သားတစ်ဦး သေဆုံးသွားတယ်လို့ လယ်ဝေးမြို့ခံတွေကပြောပါတယ်။

လုံခြုံရေးတင်းကျပ်ထားတဲ့ကြားက ဗုံးနဲ့လာပစ်သွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လယ်ဝေးမြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။

“ရဲစခန်းရှေ့ဆိုတော့ နဂိုကတည်းက လုံခြုံရေးကကြပ်မတ်ထားတဲ့နေရာ။ အဲဒီ ရှေ့ဖြတ်မယ်ဆိုလည်း လမ်းကို အသံဆူးကြိုးအကာအရံတွေ ရှိတယ်။ အဲဒီကြားကနေ ကွေ့ပတ်သွားရတာတဲ့ကြားက လုပ်သွားတာ။ အခုတော့ အဲဒီနေရာကို ပိတ်ထားလိုက်ပြီ။ ညကလည်း ၈ နာရီလောက်ကတည်းက လူတွေအပြင်မထွက်ကြတော့ဘူး”

နောက်ထပ်ရဲဝန်ထမ်းတချို့ ထိခိုက်ဒဏ်ရာရခဲ့ပြီး လယ်ဝေးမြို့ထဲမှာလည်း စစ်ဆေးရေးတွေ တင်းတင်းကျပ်ကျပ် လုပ်နေတယ်လို့ သူကဆိုပါတယ်။

မနေ့က ည ၈ နာရီခန့်မှာလည်း နေပြည်တော် ဇမ္ပူသီရိမြို့နယ်မှာရှိတဲ့ မြန်မာအပြည်အပြည်ဆိုင်ရာ ကွန်ဗန်းရှင်း ဗဟိုဌာန-၂ (MICC-2) အနီးက လုံခြုံရေးဂိတ်လည်း ဗုံးပစ်တိုက်ခိုက်ခံရပြီး ထိခိုက်ဒဏ်ရာရတာ ရှိခဲ့တယ်လို့ ဒေသခံတွေပြောပေမယ့် RFA အနေနဲ့သီးခြား အတည်မပြုနိုင်သေးပါဘူး။

လယ်ဝေးမြို့မရဲစခန်း ဗုံးပစ်တိုက်ခိုက်ခဲ့သူတွေကို ဖမ်းဆီးရမိရေး ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပြီး ရဲဝန်ထမ်း ထိခိုက်သေဆုံးမှု အခြေအနတွေနဲ့ MICC-2 အနီး လုံခြုံရေးဂိတ်တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်လို့တော့ ထုတ်ဖော်ပြောဆိုတာ မတွေ့ရသေးပါဘူး။

၂၀၂၃ ခုနှစ်၊ မေလ ၃ ရက်နေ့ညပိုင်းကလည်း နေပြည်တော် ဥတ္တရသီရိမြို့နယ် ဇဝနသိဒ္ဓီရပ်ကွက် လမ်းဆုံမီးပွိုင့်က လုံခြုံရေးကင်းဂိတ်တစ်ခု ဗုံးပစ်တိုက်ခိုက်ခံခဲ့ရပါတယ်။

နေပြည်တော်ဟာ စစ်ကောင်စီရုံးစိုက်တဲ့ မြို့ဖြစ်တာကြောင့် မြို့အဝင်၊ အထွက်တွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးသလို မြို့ပေါ်က အချက်အချာကျတဲ့နေရာတွေမှာလည်း စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေ လုံခြုံရေးအပြည့်နဲ့ တင်းကျပ်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။