နေပြည်တော် အလုပ်ရုံဆွေးနွေးပွဲ ပြည်ပရောက်အဖွဲ့တွေကို ဖိတ်ဖို့ပြင်
2011.08.04
Photo: AFP / HO / MNA
ပြည်တွင်းက စီးပွားရေးနဲ့ တခြားတတ်သိ ပညာရှင်တွေ၊ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တည်စဲ နိုင်ငံရေး ပါတီတွေက ခေါင်းဆောင်တွေ အပြင် ထိုင်းနိုင်ငံ အခြေစိုက် ဗဟု Vahu ဖွံ့ဖြိုးရေးအဖွဲ့လို ပြည်ပ အခြေစိုက် အဖွဲ့အစည်းတွေ၊ ပညာရှင်တွေကိုပါ ဖိတ်ကြားမယ်လို့ စီစဉ်ရေး အဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဦးသိန်းစိန် အစိုးရလက်ထက်မှာ ပထမဆုံးအနေနဲ့ နယ်ပယ် အသီအသီးက အကျယ်ပြန့်ဆုံး ပါဝင်မယ့် ဆွေးနွေးပွဲဖြစ်ပြီး၊ အစီအစဉ် အသေးစိတ်ကို အမျိုးသား စီမံကိန်းနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ကံဇော်က ကြီးကြပ် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
လောလောဆယ် ဖိတ်စာတွေ အချိန်မီ ဝေငှနိုင်ဖို့ ဆောင်ရွက်နေစဲ ဖြစ်ပြီး၊ ဆွေးနွေးပွဲ ကျင်းပမယ့် ရက်ကို သြဂုတ်လ ၁၂ ရက်၊ ၁၃ ရက်နဲ့ ၁၄ ရက် အဖြစ် ၃ ရက်ကြာ သတ်မှတ် ထားတယ်လို့ ဝန်ကြီးဌာနနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဒီအတောအတွင်း မြန်မာနိုင်ငံရဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲရေး အတွက် မူဝါဒတွေ အဓိက ချမှတ် လုပ်ဆောင်မယ့် MDRI ခေါ် မြန်မာဖွံ့ဖြိုးရေး အရင်းအမြစ် ဆိုင်ရာ အဖွဲ့အစည်းကို မကြာခင် အပြီးသတ် ထူထောင်နိုင်ဖို့ အသေးစိတ် ပြင်ဆင်မှုတွေ ဆောင်ရွက်နေပြီလို့ စီစဉ်သူတွေက ပြောပါတယ်။ ဒီအဖွဲ့အစည်းကို သမ္မတရဲ့ စီးပွားရေး အကြံပေးခေါင်းဆောင် ဒေါက်တာဦးမြင့်က မကြာသေးခင်က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ ဆင်းရဲမွဲတေမှု လျှော့ချရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲမှာ အဆိုပြုခဲ့တာဖြစ်ပြီး၊ ဒီအဖွဲ့ကို တခြား ပတ်ဝန်းကျင် နိုင်ငံတွေမှာလို လွတ်လပ်မှု ရှိပြီး နိုင်ငံရေးအသွင် မဆောင်တဲ့ အဖွဲ့အစည်း တရပ်အဖြစ် ထူထောင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။