စစ်ကောင်စီ ငြိမ်းချမ်းရေးအပေါ် အယုံအကြည်မရှိဘူးလို့ KIO ဥက္ကဋ္ဌ ပြော
2023.02.05

စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် အယုံအကြည်မရှိဘူးလို့ ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ဖေဖော်ဝါရီလ ၅ ရက်မှာ ပြောဆိုခဲ့ပါတယ်။
KIO ရဲ့ (၆၂) မြောက် တော်လှန်ရေးနေ့အတွက် ဗိုလ်ချုပ်ကြီး အင်ဘန်လရဲ့ မိန့်ခွန်းကို ယာယီဥက္ကဋ္ဌဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ဂမ်ရှောင်ကတစ်ဆင့် ပြောဆိုခဲ့တာပါ။
စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးတာဟာ တိုင်းရင်းသားလက်နက်ကိုင်တွေကို နယ်ခြားစောင့်တပ်ပြောင်းဖို့၊ လက်နက်ဖြုတ်သိမ်းဖို့နဲ့ တိုင်းရင်းသားတွေကို ဖိနှိပ်ချုပ်ချယ်ဖို့အတွက်သာဖြစ်တယ်လို့ သူကပြောပါတယ်။
"ငြိမ်ချမ်းရေးလို့ပြောပြီး သတ်ဖြတ်ဖိနှိပ်ခံရတဲ့သူတွေကပဲ အပြစ်ကြီးလုပ်ထားတဲ့ သူတွေ ဖြစ်တယ်ဆိုပြီး ကမ္ဘာကို လိမ်လည်ပြောကြားနေပါတယ်။ စစ်တပ်လုပ်နေတဲ့ ငြိမ်းချမ်းရေးဟာ တိုင်းရင်းသားတွေကို ခေါင်းမထောင်နိုင်အောင် ဖိနှိပ်ထားဖို့ ရည်ရွယ်ချက်ဖြစ်တယ်"
KIO အနေနဲ့ NUG၊ PDF တွေနဲ့ ချိတ်ဆက်ပြီး နိုင်ငံရေးလုပ်ငန်းစဉ်တွေ လုပ်ဆောင် နေပေမယ့် လူဦးရေးများတဲ့ ဗမာလူမျိုးတွေရဲ့ နိုင်ငံရေးခံယူချက်က ထင်သာမြင်သာ ပြောင်းလဲလာတာ မတွေ့ရသေးဘူးလို့လည်း ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောပါတယ်။ ဗမာလူမျိုးတွေမှာ လူမျိုးကြီးဝါဒနဲ့ အုပ်စိုးချင်တဲ့စိတ်ရှိနေသရွေ့ စစ်အာဏာရှင် တော်လှန်ရေးက အချိန်ကြာမြင့်နိုင်တယ်လို့လည်း သူကပြောပါတယ်။
KIO ဟာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ စစ်ကိုင်းတိုင်းက နယ်မြေတချို့မှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီတပ်တွေကို တိုက်ခိုက် နေပါတယ်။ အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ KIO အကြား တိုက်ပွဲ ၁၁၂၅ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောဆိုထားပါတယ်။