အကြမ်းဖက်မှုတွေ မရပ်တန့်သရွေ့ NCA မှာ ပါဝင်မှာ မဟုတ်ကြောင်း လက်နက်ကိုင်သုံးဖွဲ့ ထုတ်ပြန်

RFA Burmese
2023.10.12
အကြမ်းဖက်မှုတွေ မရပ်တန့်သရွေ့ NCA မှာ ပါဝင်မှာ မဟုတ်ကြောင်း လက်နက်ကိုင်သုံးဖွဲ့ ထုတ်ပြန် ချင်းအမျိုးသားတပ်ဦး CNF တပ်ဖွဲ့ဝင်တွေ စစ်ရေးပြနေစဉ်။
Chin National Front - Headquarters

ပြည်သူတွေအပေါ် ကျုးလွန်နေတဲ့ အကြမ်းဖက်မှုတွေ မရပ်တန့်သေးသရွေ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) ပါဝင်ဆွေးနွေးမှာ မဟုတ်ဘူးလို့ တိုင်းရင်းသား လက်နက်ကိုင်သုံးဖွဲ့က အောက်တိုဘာ ၁၂ရက်နေ့မှာ ပူးတွဲ ထုတ်ပြန်လိုက်ပါတယ်။

ဒီကြေညာချက်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲမှာ အင်အားကြီးမားတဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ချင်းအမျိုးသားတပ်ဦး(CNF)နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ ပူးတွဲ ထုတ်ပြန်လိုက်တာပါ။

စစ်တပ်အာဏာသိမ်းလိုက်တာဟာ NCA အခြေခံမူတွေနဲ့ ရည်ရွယ်ချက်ကို ဖျက်ဆီးလိုက်တာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် စစ်တပ်က မြေပြင်တင်မက လေကြောင်းကနေပါ အင်အားသုံးပြီး ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာတွေဟာ NCA ကို ပျက်ပြယ်စေပြီး စစ်တပ်က ငြိမ်းချမ်းစွာ ညှိနှိုင်းဆွေးနွေးအဖြေရှာတဲ့ နည်းလမ်းကို စွန့်လွှတ်လိုက်တာ ပေါ်လွင်နေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)ရဲ့ အထွေထွေအတွင်းရေးမှူး ရဲဘော်ဆန်နီက စစ်ကောင်စီရဲ့ NCA ရှစ်နှစ်ပြည့်ကို ပါဝင်တက်ရောက်မှာ မဟုတ်သလို NCA က ပြီးဆုံးသွားပြီလို့ ပြောပါတယ်။

"သူတို့ဘက်က ကျွန်တော်တို့ကို ဖိတ်ပါတယ်။ ကျွန်တော်တို့ မတက်ပါဘူး။ NCA က ပြီးဆုံးသွားပါပြီ၊ ပူးတွဲထုတ်ပြန်ချက်မှာပါတဲ့ တစ်ချက်တိုင်းက ကျွန်တော်တို့ သဘောထားတွေပါပဲ"

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီဟာ NCA စာချုပ် ဆက်ရှိနေတာကို ပြသဖို့အတွက် တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ဘက်ပေါင်းစုံကနေ တွေ့ဆုံနိုင်ဖို့ စစ်ကောင်စီက ကြိုးပမ်းနေတာလို့ သူကဆိုပါတယ်။

ထုတ်ပြန်ချက်ထဲမှာ နိုင်ငံရေးဘုံရည်မှန်းချက်အနေနဲ့ အာဏာသိမ်းမှုကို ဖယ်ရှားပြီး နိုင်ငံရေးမှာ စစ်တပ်ပါဝင်မှုကို အဆုံးသတ်ဖို့၊ စစ်တပ်ကို ပြန်လည်ဖွဲ့စည်းကာ ရွေးကောက်ခံ အစိုးရ လက်အောက်မှာထားဖို့၊ အားလုံးလက်ခံနိုင်တဲ့ ဖက်ဒရယ်နဲ့ ဒီမိုကရေစီနစ်ကို အခြေခံတဲ့ ဖွဲ့စည်းပုံ ဥပဒေအသစ် ရေးဆွဲဖို့၊ ပဋိပက္ခကာလမှာ မတရားကျူးလွန်ခံရသူတွေအတွက် တရားမျှတမှု ရဖို့ အသွင်ကူးပြောင်းတဲ့ ကာလမှာ တရားမျှတမှုအတွက် ဖော်ဆောင်ပေးဖို့၊ အကောင်အထည်ဖော်တဲ့ အဆင့်တိုင်းမှာ နိုင်ငံတကာရဲ့ ကြားဝင်ညှိနှိုင်းတာ၊ နည်းပညာပံ့ပိုးပေးတာ၊ ဘဏ္ဍာရေးထောက်ပံ့ ပေးတာနဲ့ လေ့လာစောင့်ကြည့်တာတွေအပေါ် သဘောတူပေးဖို့ စတဲ့ အချက်ငါးချက် ပါဝင်ပါတယ်။

ဒါ့အပြင် ဘုံနိုင်ငံရေးရပ်တည်ချက်တွေအနေနဲ့ ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ အဆုံးသတ်တာမရှိရင် ဘယ်ဆွေးနွေးပွဲမှ မပါဝင်ကြောင်း၊ ပါဝင်ပတ်သက်သူတွေအနေနဲ့ စနစ်အပြောင်းအလဲကို လိုလားရုံသာမက စစ်အာဏာရှင်စနစ်ကနေ နောက်ပုံစံတစ်ခုဖြစ်တဲ့ အာဏာရှင်အရပ်သား အစိုးရပုံစံကို လက်ခံမှာ မဟုတ်ကြောင်းနဲ့ နိုင်ငံရေး အခွင့်ထူးခံတွေ အချင်းချင်းကြား အာဏာခွဲဝေတာကို လက်မခံတာ၊ အကျပ်အတည်းကို ဖြေရှင်းရာမှာ အမျိုးသားစည်းလုံးညီညွတ်မှုကို အခြေခံတဲ့ အနာဂတ်မြန်မာနိုင်ငံရဲ့ အစိုးရကို ဖန်တီးပေးမဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ရွေးကောက်ပွဲလိုအပ်မှာဖြစ်ကြောင်းနဲ့ စစ်ကောင်စီဟာ အဓိက ပဋိပက္ခမိတ်ဖက်ဖြစ်တာကြောင့် အသွင်ကူးပြောင်းရေးကာလမှာ သက်ဆိုင်သူတွေ သဘောထားတူညီတဲ့ စစ်မှန်တဲ့ အသွင်ကူးပြောင်းရေးဆိုင်ရာ အာဏာပိုင်တစ်ရပ် လိုအပ်ကြောင်းနဲ့ ဒီအဆင့်တွေကို အကောင်အထည်ဖော်ပြီးမှသာ ရွေးကောက်ပွဲအသစ်ကို ကျင်းပနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာစစ်တပ်နဲ့ အပစ်ရပ်စာချုပ် လက်မှတ်ထိုးချိန်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ ပါဝင်ခဲ့ပေမဲ့ စစ်တပ် အာဏာသိမ်းပြီးနောက်မှာတော့ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) အပါအဝင် ငါးဖွဲ့က စစ်ကောင်စီနဲ့ ဆက်မဆွေးနွေးတော့ပါဘူး။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်အမျိုးသားအစည်းအရုံး ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)နဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) တို့က NCA ကို ဆက်လက်ကိုင်စွဲပြီး ဆက်ဆွေးနွေးနေဆဲဖြစ်ပါတယ်

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။