အပစ်ရပ် ခုနစ်ဖွဲ့ ထိပ်သီးခေါင်းဆောင်တွေ ချင်းမိုင်မှာ ဆွေးနွေး

RFA Burmese
2023.05.17
အပစ်ရပ် ခုနစ်ဖွဲ့ ထိပ်သီးခေါင်းဆောင်တွေ ချင်းမိုင်မှာ ဆွေးနွေး ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် ခုနစ်ဖွဲ့ အစည်းအဝေးအား ၂၀၂၃ ခုနှစ် မေလ ၁၇ ရက်နေ့က တွေ့ရစဉ်။
NCA-S EAO

တစ်နိုင်ငံလုံး အပစ်ရပ် သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ခုနစ်ဖွဲ့ရဲ့ ထိပ်သီးခေါင်းဆောင် အစည်းအဝေးကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ မေလ ၁၇ ရက်မှာ စတင်ပြုလုပ်နေပါတယ်။

နှစ်ရက်ကြာကျင်းပမယ့် ဒီအစည်းအဝေးအတွင်း စစ်ကောင်စီနဲ့ အပစ်ရပ်အဖွဲ့တွေအကြား တွေ့ဆုံဆွေးနွေးမှု ရလဒ်တွေကို ပြန်လည်သုံးသပ်သွားဖို့ရှိတယ်လို့ အပစ်ရပ်ခုနစ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ NCA-S EAO အလွတ်သဘော ညှိနှိုင်းရေးအဖွဲ့နဲ့ NSPNC (အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ) နဲ့ အလွတ်သဘော တွေ့ဆုံမှု ရှိခဲ့တယ်လေ။ အဲဒီတွေ့ဆုံမှုမှာ နှစ်ဖက်စလုံးက တင်ပြချက် တွေကို ကျွန်တော်တို့က မှတ်သားထားပြီးတော့ သက်ဆိုင်ရာ အဖွဲ့အစည်းထဲမှာ သော်လည်းကောင်း၊ ကျွန်တော်တို့ ပါဝင်နေတဲ့ ၇ ဖွဲ့ ခေါင်းဆောင်တွေထဲမှာ သော်လည်းကောင်း ပြန်လည်တင်ပြပြီးတော့ ညှိနှိုင်းဆွေးနွေးဖို့ ရှိတဲ့အတွက်ကြောင့် အခုလို အစည်းအဝေး ပြန်ခေါ်ရတာဖြစ်ပါတယ်”

ဒီအစည်းအဝေးကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်၊ ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO)၊ မွန်ပြည်သစ်ပါတီ (NMSP) နဲ့ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်၊ မတ်လ ၂၈ နဲ့ ၂၉ ရက်နေ့တွေက နေပြည်တော်မှာ အပစ်ရပ် ခုနစ်ဖွဲ့နဲ့ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီ (NSPNC) တို့ အလွတ်သဘော တွေ့ဆုံခဲ့ကြပါတယ်။

အဲ့ဒီတွေ့ဆုံမှုအတွင်း အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေးအခင်းအကျင်းတစ်ရပ် ပေါ်ပေါက်ရေး၊ ဖက်ဒရယ် အခြေခံမူ၊ အရပ်သားများကို ကာကွယ်ပေးနိုင်ရေး၊ ဒေသတည်ငြိမ်ရေး၊ ရွေးကောက်ပွဲကျင်းပနိုင်ရေး၊ ငြိမ်းချမ်းရေးညီလာခံကျင်းပနိုင်ရေး၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မတချို့ ပြင်ဆင်နိုင်ရေးဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီကသတင်းထုတ်ပြန်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။