ပန်ဝါက ဦးဇခုန်တိန့်ယိန်းရဲ့ နေအိမ် KIA ချိပ်ပိတ်

RFA Burmese
2024.10.23
ပန်ဝါက ဦးဇခုန်တိန့်ယိန်းရဲ့ နေအိမ် KIA ချိပ်ပိတ် ကချင်အထူးဒေသ (၁) ဥက္ကဋ္ဌ ဦးဇခုန်တိန့်ယိန်းအား ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ကချင်ပြည်နယ် ပန်ဝါမြို့ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က သိမ်းပိုက်လိုက်ပြီးနောက် ကချင်အထူးဒေသ (၁) ဥက္ကဋ္ဌ ဦးဇခုန်တိန့်ယိန်းရဲ့ နေအိမ်နဲ့ ပြည်သူ့စစ်၊ နယ်ခြေားစောင့်တပ်ဖွဲ့ဝင်တွေရဲ့ နေအိမ်တွေကို ချိပ်ပိတ်ထားတယ်လို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက အောက်တိုဘာလ ၂၃ ရက်နေ့မှာ ပြောပါတယ်။

ပန်ဝါမြို့မှာ KIA ရဲ့ အုပ်ချုပ်ရေးယန္တရား လည်ပတ်ဖို့ကြိုးစားနေပြီး အရေးကြီးတဲ့နေရာတွေမှာ ပစ္စည်းတွေပျောက်ဆုံးတာ မရှိအောင် ချိပ်ပိတ်တာလို့ ဗိုလ်မှူးကြီး နော်ဘူက RFA ကို ပြောပါတယ်။

“တစ်မြို့လုံးကိုဆိုတော့ အရေးကြီးတဲ့နေရာတွေကိုတော့ ချိပ်ပိတ်ထားတာပေါ့။ မပိတ်ထားရင် ပစ္စည်းတွေ ပျောက်သွားမှာ စိုးရိမ်ရတာရပေါ့။ ဦးဇခုန်တိန့်ယိန်း အိမ်ကလည်း ဒီလိုပါပဲ။ ဒါက တာဝန်ယူမှုအပိုင်းပေါ့။ ပန်ဝါက လုပ်စရာတွေကတော့ များသေးတယ်။ ရှင်းလင်းရေးတွေ အများကြီးလုပ်ရဦးမယ်”

အောက်တိုဘာလ ၁၈ ရက်နေ့မှာ ပန်ဝါမြို့ကို KIA က တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး မြို့သိမ်းတိုက်ပွဲဖြစ်နေချိန် မြို့မှာ ဦးဇခုန်တိန့်ယိန်း မရှိတော့ဘဲ လက်ရှိမှာ ဘယ်ရောက်နေတယ်ဆိုတာတော့ မသိရဘူးလို့ သူက ပြောပါတယ်။

ဦးဇခုန်တိန့်ယိန်းဟာ တရုတ်နိုင်ငံထဲမှာ ဆေးကုရင်း တိမ်းရှောင်နေတယ်လို့ ဒေသခံတွေက ပြောဆိုကြပြီး ဒီပြောဆိုချက်နဲ့ ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒီပြောဆိုချက်တွေနဲ့ ပတ်သက်လို့ ဦးဇခုန်တိန့်ယိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်တဲ့အခါ ဆက်သွယ်မှုဧရိယာပြင်ပ ဖြစ်နေတာကြောင့် ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။

လက်ရှိမှာတော့ ပန်ဝါမြို့ပေါ်မှာ KIA တပ်ဖွဲ့ဝင်တွေက နယ်မြေရှင်းလင်းရေးတွေ ဆက်လုပ်နေတာ တွေ့ရတယ်လို့ ပန်ဝါမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“သူတို့က နယ်မြေရှင်းလင်းတဲ့ သဘောပေါ့။ ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ်တွေနဲ့ဆိုင်တဲ့ အိမ်တွေမှာ လူရှိရင် မေးမြန်စရာရှိတာမေးတယ်။ လူမရှိနေရင်တော့ စစ်ဆေးစရာရှိတာ စစ်ဆေးပြီး ချိပ်ပိတ်တာတွေ လုပ်နေတယ်”

ကချင်ပြည်နယ် ချီဖွေ၊ ဆော့လော်၊ ကန်ပိုက်တီကို ၁၉၈၈ ခုနှစ်နောက်ပိုင်း KIA ကနေ ခွဲထွက်ခဲ့တဲ့ ဦးဇခုန်တိန့်ယိန်း ဦးဆောင်တဲ့ ကချင်ဒီမိုကရေစီသစ်တပ်မတော် NDA-K ပြည်သူ့စစ်က ထိမ်းချုပ်ခဲ့သလို ကချင်အထူး ဒေသ (၁) အဖြစ် အဲဒီအချိန် စစ်အစိုးရက ၁၉၉၄ ခုနှစ်မှာ သတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။