မြန်မာ အပါအဝင် လေးနိုင်ငံက ကလေး ခြောက်သန်း ရေဘေးဒုက္ခကြုံနေရ
2024.09.19
မြန်မာ အပါအဝင် အရှေ့တောင်အာရှ လေးနိုင်ငံမှာ ရာဂီမုန်တိုင်းကြောင့် ရေကြီးမြေပြိုမှုဒဏ်ခံရသူတွေထဲ ကလေးငယ် ခြောက်သန်းနီးပါး ပါဝင်နေတယ်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က စက်တင်ဘာ ၁၈ ရက်မှာ ထုတ်ပြန်ပါတယ်။
မြန်မာ၊ ဗီယက်နမ်၊ လာအိုနဲ့ ထိုင်းနိုင်ငံတွေမှာ နေထိုင်တဲ့ အဲဒီကလေးငယ်တွေဟာ သောက်သုံးရေ၊ ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှု၊ စားနပ်ရိက္ခာနဲ့ အမိုးအကာတွေ အရေးပေါ်လိုအပ်နေတယ်လို့ ဆိုပါတယ်။
UNICEF ရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ဒါရိုက်တာ June Kunugi ကတော့ ထိခိုက်လွယ်တဲ့ ကလေးငယ်တွေနဲ့ မိသားစုဝင်တွေဟာ တိုင်ဖွန်းမုန်တိုင်း ရာဂီရဲ့ ထိခိုက်ပျက်စီးမှု နောက်ဆက်တွဲအကျိုးဆက်ကို အဆိုးဆုံးရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။
သူတို့အတွက် သောက်သုံးရေ၊ ပညာရေးနဲ့ ကျန်မာရေး ပြုစုစောင့်ရှောက်မှု အပါအဝင် မရှိမဖြစ်လိုအပ်တဲ့ ဝန်ဆောင်မှုတွေကို အမြန်ဆုံးပြန်လည်ရရှိအောင် ဦးစားပေးဆောင်ရွက်ရမယ်လို့ ဆိုပါတယ်။
ရာဂီ မုန်တိုင်းကြောင့် မြစ်ရေလျှံမှုနဲ့ မြေပြိုမှုဖြစ်ခဲ့တာကြောင့် ကျန်မာရေးစင်တာ ၅၅၀ ကျော်နဲ့ စာသင်ကျောင်း ၈၅၀ ကျော် ထိခိုက်ပျက်စီးခဲ့ပြီး ဗီယက်နမ်မှာ အများဆုံး ထိခိုက်ပျက်စီးတယ်လို့ ဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာ ပဋိပက္ခဆက်လက်ဖြစ်ပွားနေတာနဲ့ ထပ်ပြီးဝန်ပိစေတဲ့ မုန်တိုင်းဒဏ်ကြောင့် လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေ ဆိုးရွားနေပြီးဖြစ်တဲ့ စစ်ဘေးဒုက္ခသည်တွေရဲ့ ဘေးဒုက္ခကို ပိုပြီးဆိုးရွားလာစေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသမှာ လမ်းပန်းဆက်သွယ်ရေး၊ ဖုန်းနဲ့ အင်တာနက်ဆက်သွယ်ရေး လျှပ်စစ်ဓာတ် အားပေးရုံတွေ အဓိက ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ ဆိုပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ကလည်း တိုင်းနဲ့ ပြည်နယ် ကိုးခုက ၅၉ မြို့နယ်မှာ မိုးကြီးရေလွှမ်းမိုးမှုကြောင့် ရေဘေးသင့်သူ ခြောက်သိန်းကျော် (၆၃၁,၀၀၀) ရှိနိုင်ကြောင်း စက်တင်ဘာ ၁၆ ရက်နေ့မှာ ပြောပါတယ်။
စစ်ကောင်စီကတော့ နိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ၂၆၈ ဦးရှိပြီး ပျောက်ဆုံးနေသူ ၈၈ ဦးရှိတယ်လို့ စက်တင်ဘာလ ၁၈ ရက်နေ့ ညပိုင်းက ထုတ်ပြန်ပါတယ်။