သန်းခေါင်စာရင်းကောက်တဲ့ ဒဂုံမြို့သစ်တောင်ပိုင်းက အုပ်ချုပ်ရေးမှူးရုံး တိုက်ခိုက်ခံရ
2024.10.26
သန်းခေါင်စာရင်း ကောက်ယူရာမှာပါဝင်တဲ့ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်း ၂၆ ရပ်ကွက်က အုပ်ချုပ်ရေးမှူးရုံးကို တိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေက RFA ကို အောက်တိုဘာ ၂၆ ရက် ဒီနေ့ပြောပါတယ်။
အောက်တိုဘာ ၂၅ ရက် မနေ့ ညက တိုက်ခိုက်မှုမှာ ပေါက်ကွဲအား ပြင်းထန်တဲ့ အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်ခဲ့တာလို့လည်း Yangon UG People Army (YUPA) အဖွဲ့က ထုတ်ပြန်ပါတယ်။
ဒီတိုက်ခိုက်မှုကို Yangon UG People Army (YUPA) အဖွဲ့နဲ့ မြောက်ဥက္ကလာပ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(၂) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အုပ်ချုပ်ရေးမှူးရုံးက ရုံးအဖွဲ့ဝင်တွေ ရှိတဲ့အချိန် တိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှုလည်း ရှိနိုင်တယ်လို့ YUPA အဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
“ပြင်းအားမြင့် အဝေးထိန်းမိုင်း နှစ်လုံး သုံးခဲ့တာပါ။ ကျွန်တော်တို့ တိုက်ခိုက်တဲ့အချိန်က သူတို့ ရှိနေကြတဲ့အချိန်ကို သေချာစီစဥ်ပြီး တိုက်ခိုက်ခဲ့တာပါ။ ပေါက်ကွဲအား အတော်ပြင်းတာမို့ ထိခိုက်သေဆုံးမှု ရှိနိုင်ပါတယ်။ တိုက်ခိုက်ပြီး မကြာဘူး အဲဒီနေရာဝန်းကျင်မှာ ပိတ်ဆို့စစ်ဆေးတာတွေရော၊ စစ်ကောင်စီဘက်က အရပ်ဝတ်တွေပါတဲ့ ကားတွေ၊ ဆိုက်ကယ်တွေနဲ့ တောက်လျှောက် ပတ်နေတယ်”
ထိခိုက်သေဆုံးမှုနဲ့ပတ်သက်လို့ RFA က သီးခြား အတည်မပြုနိုင်သေးပါဘူး။
ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ ရန်ကုန်တိုင်းပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးဌေးအောင်ကို RFA က အောက်တိုဘာ ၂၆ ရက် ဒီနေ့မှာ ဆက်သွယ်ပေမဲ့ ဖုန်းမကိုင်ပါဘူး။
အောက်တိုဘာ ၁၁ ရက်နေ့ကလည်း သန်းခေါင်စာရင်း ကောက်ယူမှုမှာပါဝင်တဲ့ မြောက်ဥက္ကလာပမြို့နယ် ဋ ရပ်ကွက်က အုပ်ချုပ်ရေးမှူးရုံးကို Yangon UG People Army (YUPA) အဖွဲ့နဲ့ မြောက်ဥက္ကလာပ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၂) တို့ ပူးပေါင်းပြီး လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်နေ့က သန်းခေါင်စာရင်း ကောက်ယူမှုကို ဆန့်ကျင်တဲ့အနေနဲ့ ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်မှာရှိတဲ့ အလတ်ချောင်းနဲ့ စက်ဆန်းရပ်ကွက်က အုပ်ချုပ်ရေးမှူးရုံးတွေကို ဗုံးခွဲတိုက်ခိုက်ခံခဲ့ရပါတယ်။
စစ်ကောင်စီရဲ့ သန်းခေါင်စာရင်း ကောက်ယူမှုကို သပိတ်အင်အားစုတွေနဲ့ လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေက ဆန့်ကျင်ထားပါတယ်။