အာဏာသိမ်းမှုအတွင်း သေဆုံးခဲ့သူတွေကို အမေရိကန်သံရုံး ဒုအကြီးအကဲ ဂုဏ်ပြု
ရန်ကုန်မြို့ အမေရိကန်သံရုံးကို အသစ်ရောက်လာတဲ့ သံရုံးဒုတိယအကြီးအကဲ ဒက်ဘ်လင်းဟာ မြန်မာနိုင်ငံ မှာ စစ်အာဏာသိမ်းမှုကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ သူရဲကောင်းတွေကို ဂုဏ်ပြုအထိမ်းအမှတ်ပြု လုပ်ခဲ့တယ် လို့ အမေရိကန်သံရုံးက အောက်တိုဘာလ ၁၈ ရက် ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
“အသစ်ရောက်ရှိလာတဲ့ သံရုံးဒုတိယအကြီးအကဲဟာ မြန်မာနိုင်ငံမှာ ကျဆုံးခဲ့ရတဲ့ သူရဲကောင်းတွေကို မကြာသေးခင်က ဂုဏ်ပြုခဲ့တယ်၊ အမေရိကန်သံရုံးမှာရှိတဲ့ ကျဆုံးသူတွေ အမှတ်တရ အထိမ်းအမှတ်ဟာ စစ်အာဏာသိမ်းမှုကြောင့် အသက်သေဆုံးခဲ့ကြရသူတွေကို ဂုဏ်ပြုထားတာ” လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဂုဏ်ပြုအထိမ်းအမှတ်နေရာကို ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းမှာရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးထဲမှာ ပြုလုပ်ထားတာဖြစ်ပါတယ်။
အဲဒီ အမှတ်တရ အထိမ်းအမှတ်နေရာမှာ အသက်ဆုံးရှုံးသွားရတဲ့ တစ်ဦးချင်းစီကို ကိုယ်စားပြုပြီး ဂုဏ်ပြု ထားတဲ့ ကျောက်တုံးပေါင်း ၁၃၀၀ ကျော်ရှိပြီလို့ ဆိုပါတယ်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြရင်း ဖေဖော်ဝါရီလ ၂၈ ရက်က အသက်ဆုံးရှုံးခဲ့ရတဲ့ အသက် ၂၃ နှစ် အရွယ် ကိုညီညီအောင်ထက်နိုင်ကို ဂါရဝပြုတဲ့အနေနဲ့ မတ်လ ၂၆ ရက်နေ့က ကမာရွတ်မြို့နယ် ကျောင်းရှေ့ မှတ်တိုင်အနားမှာ အမေရိကန် သံအမတ်ကြီးကိုယ်တိုင် လွမ်းသူပန်းခြင်းတစ်ခု သွားရောက်ချခဲ့ပါတယ်။