မုန်တိုင်းသင့်ဒေသများ သောက်ရေရရှိရေး NGO နဲ့ ဒေသခံများ ပူးပေါင်းဆောင်ရွက်
2011.05.14

အဓိကအားဖြင့် နာဂစ်မုန်တိုင်းဒဏ်သင့် မြို့နယ်တွေမှာ သောက်သုံးရေ ရရှိဖို့ ဆောင်ရွက်နေတာလို့ ပြောပါတယ်။
“ဒီနေ့လုပ်တာတော့ နာဂစ်ဒေသအတွင်းမှာပဲ၊ ဘိုကလေး၊ ဖျာပုံ၊ ဒေးဒရဲ၊ ကွမ်းခြံကုန်းရယ်၊ လောလောဆယ် ပထမအဆင့်မှာ ၄ မြို့နယ်ရွေးထားတယ်။ ကော့မှူး၊ ကျောက်တန်း၊ လှိုင်သာယာ၊ သုံးခွ အဲဒီမြို့နယ်တွေကို ကျနော်တို့ လေ့လာနေတယ်။ အဲဒီဘက်ကတော့ လုပ်ဖြစ်မဖြစ် မသေချာသေးပါဘူး။ လောလောဆယ် လုပ်နေတာတော့ ၄ မြို့နယ်ပေါ့”
မနှစ်ကထိ နာဂစ်မုန်တိုင်းဒဏ်သင့် ရွာ ၇ဝ ကျော်နဲ့ ပဲခူးတိုင်းနဲ့ ရခိုင်ပြည်နယ်က ရွာ ၁ဝ ရွာကျော်မှာ အဝီစိတွင်း တူးပေးနိုင်ခဲ့တယ်လို့ ပြောပါတယ်။
အခုနှစ်အတွင်း ကျေးရွာ တရာကျော်မှာ အဝီစိတွင်း တူးဖော်ဖို့ စီမံချက် ရေးဆွဲထားပြီး ပထမ အသုတ်အနေနဲ့ ရွာပေါင်း ၁ဝ ရွာမှာ တူးဖော်ပြီးစီးသွားပြီလို့ ဆိုပါတယ်။
“တချို့နေရာတွေက တူးရတာ သိပ် ခက်တယ်။ ကျောက်တွေဘာတွေ အများကြီးရှိတော့ ပေ ၈ ရာလောက်အထိ တူးရတော့ အန္တရာယ်များတယ်။ ရေငံ ဝင်တဲ့နေရာ တချို့လည်း ရှိတယ်။ တူးလို့ရတဲ့ ရွာအုပ်စုတွေ ဥပမာ ဖျာပုံမြို့ရဲ့ အောက်ဆုံး ပင်လယ်ကမ်းစပ်က နေရာတွေပေ့ါ၊ ဒီရေတောကြိုးဝိုင်းထဲက ရွာတွေ ဆိုရင်။ အဲဒီရွာတွေရဲ့မြောက်ဘက် ကုန်းပိုင်းပိုကျလာတဲ့ နေရာတွေ ဆိုရင် တူးရတာ ခက်လာတယ်”
မင်္ဂလာမြန်မာအဖွဲ့ ဟာ ရပ်ရွာလူထုနဲ့ ချိတ်ဆက် ဆောင်ရွက်နေတာဖြစ်ပြီး မြေပိုင်ရှင်တွေကလည်း ရပ်ရွာအတွက် လိုအပ်တဲ့ မြေနေရာ လှူဒါန်းကြောင်း၊ စာသင်ကျောင်းနဲ့ ဘုန်းတော်ကြီးကျောင်းတွေကလည်း ကျောင်းဝင်းထဲမှာ ရေတွင်း တူးဖော်ခွင့် ပေးကြောင်း၊ဒီ လူမှုရေးလုပ်ငန်းတွေ လုပ်နိုင်ဖို့ စင်္ကာပူ အစိုးရနဲ့ ပြည်သူတွေက ရန်ပုံငွေ မ,တည်တာ ဖြစ်ကြောင်း ဒေါက်တာဖုန်းဝင်းက ပြောပြပါတယ်။