ဦးဖြိုးမင်းသိန်း အပါအဝင် လေးဦးကို NLD ထုတ်ပယ်
2023.03.03
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ဗဟိုအလုပ်မှုဆောင် ဦးဖြိုးမင်းသိန်းနဲ့ ဗဟိုကော်မတီဝင် သုံးဦးကို ပါတီဝင်အဖြစ်က အပြီးအပိုင်ထုတ်ပယ်လိုက်တယ်လို့ NLD ပါတီက မတ်လ ၃ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
ဦးဖြိုးမင်းသိန်း အပါအဝင် ဗဟိုကော်မတီဝင်တွေဖြစ်တဲ့ ဒေါ်စန္ဒာမင်း၊ ဦးတိုးလွင်နဲ့ ဦးဝင်းမြင့်အောင်တို့ကိုပါ ပါတီက ထုတ်ပယ်ခဲ့တာပါ။
ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပေါ် မမှန်မကန်သက်သေထွက်ဆိုသူနဲ့ စစ်ကောင်စီက ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေချိန် ပါတီရပ်တည်ချက် ဆန့်ကျင်ပြီး ပါတီအမည်ကို အလွဲသုံးစား လုပ်ဆောင်ပြီး စစ်အာဏာရှင်လိုကျ လုပ်ဆောင်နေကြောင်း ခိုင်လုံတဲ့ အထောက်အထားတွေ ရရှိတဲ့အတွက် ထုတ်ပယ်ရတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အခုလို ထုတ်ပယ်လိုက်တာဟာ NLD ပါတီဟာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို အခိုက်အမာဆန့်ကျင်မယ်ဆိုတာ သက်သေပြလိုက်တာလို့ NLD ပါတီ ရန်ကုန်တိုင်း ဒလမြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးဘိုဘိုဦးက ပြောပါတယ်။
“ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အကြမ်းဖက်စစ်ကောင်စီ ပြုလုပ်မယ်ဆိုတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ အခိုင်အမာကို ဆန့်ကျင်မယ်ဆိုတာကို သက်သေပြလိုက်တဲ့ အချက်ပဲလို့ ထောက်ပြချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုထုတ်ပယ်လိုက်တဲ့လူတွေဟာ စကစရဲ့ ရွေးကောက်ပွဲကို သူတို့က ဘယ်နေရာကနေပဲ နေရနေရ ဆိုတဲ့သဘောမျိုးနဲ့ ချဉ်းကပ်မှုတွေရှိတယ်လို့ ယုံကြည်ထားရပါတယ်”
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းထံက ဒေါ်အောင်ဆန်းစုကြည် ရွှေနဲ့ဒေါ်လာတွေ လက်ခံရယူတယ်ဆိုပြီး စစ်ကောင်စီဘက်က တရားစွဲခဲ့တဲ့အပေါ် ဦးဖြိုးမင်းသိန်းက စစ်ကောင်စီဘက်က တရားလိုပြသက်သေအဖြစ် ထွက်ဆိုပေးခဲ့တာပါ။ အဲဒီအမှုနဲ့ပတ်လို့ ဒေါ်အောင်ဆန်းစုကြည်က အားလုံးဟာ အဓိပ္ပာယ်မဲ့တယ်လို့ မှတ်ချက်ပေးဖူးပါတယ်။
NLD ပါတီရုံးချုပ် ပြန်ဖွင့်ခွင့်ပြုဖို့အတွက် ပါတီဗဟိုကော်မတီဝင် ဒေါ်စန္ဒာမင်းနဲ့ ဦးတိုးလွင်တို့က နေပြည်တော် အချုပ်ထောင်ထဲမှာ ဖမ်းဆီးအကျဉ်းချခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ထံ ၂၀၂၂ နိုဝင်ဘာလက သွားရောက်တွေ့ဆုံ ခွင့်တောင်းခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်က ခွင့်မပြုခဲ့ဘူးဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့တာပါ။
ဒီအချက်နဲ့ပတ်သက်လို့ RFA က သီးခြားအတည်ပြုချက်တော့ မရသေးသလို ပါတီက ထုတ်ပယ်မှုနဲ့ ပတ်သက်လို့ ကာယကံရှင်တွေဘက်က တုံ့ပြန်ချက်တွေကိုလည်း မသိရသေးပါဘူး။
NLD ပါတီ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ ကောက်ယူရေးအဖွဲ့ (NLD-HRDT) ရဲ့ စာရင်းအရ စစ်တပ်အာဏာသိမ်းပြီး နှစ်နှစ်အတွင်း NLD လွှတ်တော်အမတ် သုံးဦးအပါအဝင် ပါတီဝင် ၈၄ ဦး သေဆုံးပြီး ၁၂၃၂ ဦး အဖမ်းခံထားရပါတယ်။
NLD ပါတီဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲဆန္ဒနယ် ၉၂၀ မှာ အနိုင်ရခဲ့ပြီး ထောက်ခံမှု ၈၂.၄ ရာခိုင်နှုန်း ရရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ မဲမသမာမှုတွေရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းပြီး ရွေးကောက်ပွဲအသစ်လုပ်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။