ပေါင်းတည်က NLD ပါတီဝင်တစ်ဦး အဖမ်းခံရပြီး ၂၄ နာရီအတွင်း သေဆုံး
ပဲခူးတိုင်းအနောက်ပိုင်း ပေါင်းတည်မြို့နယ်၊ ကြို့ပင်အုပ်စု ဟင်္သာကန် ကျေးရွာမှာ နေထိုင်တဲ့ အသက် ၃၈ နှစ် အရွယ် NLD ပါတီဝင် ကိုမင်းမင်းကို မေလ ၁၈ ရက် မနေ့ နေ့လယ် ၁၂ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားပြီးနောက် မတ်လ ၁၉ ရက် ဒီနေ့ သေဆုံးသွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။
သူသေဆုံးသွားပြီဆိုတဲ့အကြောင်း ဒီနေ့မနက် ၇ နာရီလောက်က မိသားစုထံ ဆေးရုံက အကြောင်းကြား လာတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
"မနက်က မိသားစုဝင်တွေကို အကြောင်းကြားတယ်ပေါ့ဗျာ။ ညက အအေးပတ်ပြီး ဆုံးသွားတယ်၊ ဆေးရုံမှာလို့ အဲလိုမျိုးပြောတယ်။ ကျနော် သူ့မိသားစုဝင်ကို ဖုန်းဆက်တော့ ဟုတ်တယ် ဆေးရုံမှာတဲ့။ နည်းနည်း နေမြင့်တော့ ဆက်တော့ နေခင်းဘက်လာယူလို့ ပြောတယ်တဲ့။ အခုညနေ ထပ်ဆက်တော့ မနက်ဖြန် သင်္ဂြိုဟ်တဲ့အချိန် နှစ်နာရီခွဲမှ တစ်ခါတည်း သင်္ဂြိုဟ်မယ့်အချိန်ဆိုရင် လာယူလို့ ပြောတယ်။ အဲအချိန်ကျမှ သယ်ခွင့်ပေးမယ်လို့ ပြောတယ်"
ကိုမင်းမင်းဟာ သဖန်းကုန်း-တာပွန်လမ်းမှာ ကွမ်းယာရောင်းတဲ့ အလုပ်ကို လုပ်ကိုင်နေသူဖြစ်ပြီး မေလ ၁၅ ရက်နေ့က သူ့ကွမ်းယာဆိုင်နဲ့ နှစ်ဖာလုံခန့်အကွာ သဖန်းကုန်း-တာပွန် လမ်းပေါ်မှာ ကင်းပတ်နေတဲ့ ရဲတပ်ဖွဲ့ကို PDF အဖွဲ့က ဗုံးခွဲတိုက်ခိုက်ခဲ့ပြီးနောက် ဖမ်းဆီးခံခဲ့ရတာလို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မေးစရာရှိလို့ ခဏလိုက်ခဲ့ဖို့နဲ့ ညနေပြန်ပို့မယ်ဆိုပြီးတော့ သူ့ကွမ်းယာဆိုင်ကနေ ပေါင်းတည်ရဲစခန်းကို ခေါ်ဆောင်သွားတာလို့ ဆိုပါတယ်။ အဲဒီနေ့ ညနေပိုင်းမှာ မိသားစုဝင်တွေက ရဲစခန်းကို သွားရောက်တွေ့ဆုံရာမှာ သူ့ရဲ့ လက်ကိုင်ဖုန်းကို စစ်ဆေးနေပြီး လူကို မစစ်ဆေးရသေးတဲ့အတွက် နောက်နေ့မှ ပြန်လွှတ် ပေးမယ်လို့ ရဲစခန်းကပြောဆိုခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။
ကိုမင်းမင်းဟာ ၂၀၁၂ ခုနှစ်ကနေ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းတဲ့ အချိန်အထိ NLD ပါတီမှာ လုပ်ဆောင်ခဲ့ပြီး အာဏာသိမ်းမှုဆန့်ကျင်ရေးသပိတ်တွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့သလို ရပ်ရေး၊ ရွာရေးနဲ့ ပရဟိတ လုပ်ငန်းတွေမှာလည်း ပါဝင်လုပ်ကိုင်နေသူလို့ ပြောပါတယ်။
သူသေဆုံးသွားချိန်မှာ ဇနီးဖြစ်သူနဲ့ အတူ ခုနစ်နှစ်အရွယ် သမီးနဲ့ နှစ်နှစ်အရွယ် သားတစ်ဦး ကျန်ခဲ့ပါတယ်။
ကိုမင်းမင်းက ကျန်းမာရေးကောင်းမွန်သူဖြစ်ပြီး အလောင်းကိုလည်း လက်ရှိအချိန်ထိ မိသားစုကို ပြန်မပေးသေးတာကြောင့် ဓမ္မတာအတိုင်း သေဆုံးတာမဖြစ်နိုင်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ကိုမင်းမင်း ဖမ်းဆီးခံရပြီးနောက် သေဆုံးသွားတဲ့ကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပေမယ့် အကြောင်းမပြန်သေးပါဘူး။