NLD ဝန်ကြီး ဦးမြင့်စန်း တိမ်းရှောင်နေစဉ် ထိုင်းနိုင်ငံမှာ ကွယ်လွန်

ကျော်လွင်ဦး (ဝါရှင်တန်ဒီစီ)
2023.05.17
NLD ဝန်ကြီး ဦးမြင့်စန်း တိမ်းရှောင်နေစဉ် ထိုင်းနိုင်ငံမှာ ကွယ်လွန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အစိုးရရဲ့ တနင်္သာရီတိုင်း စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဟောင်း ဦးမြင့်စန်း။
U Myint San/Facebook

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အစိုးရရဲ့ တနင်္သာရီတိုင်း စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဟောင်း ဦးမြင့်စန်းဟာ စစ်အာဏာသိမ်းပြီးနောက် ထိုင်းနိုင်ငံမှာ ထွက်ပြေးတိမ်းရှောင်နေစဉ် မေလ ၁၇ ရက်နေ့က ကွယ်လွန်သွားပါတယ်။

ဦးမြင့်စန်းဟာ ထိုင်းနိုင်ငံ ပူကစ်မြို့မှာ မေလ ၁၇ ရက်နေ့ မနက် ၁၁ နာရီကျော်လောက်က ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့တယ်လို့ သူနဲ့လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဘိုထွေးက ပြောပါတယ်။

“ဦးမြင့်စန်းက ကင်ဆာရောဂါ ခံစားနေရတာ ကိုးလလောက်ရှိပြီ၊ အထဲမှာ အဆင်မပြေလို့ ထွက်သွားရတာ၊ သူ့ရောဂါအခြေအနေကို ဘယ်သူ့ကိုမှ မပြောခိုင်းဘူး၊ လုပ်ဖော်ကိုင်ဖက်တွေ စိတ်မကောင်းဖြစ်မှာစိုးလို့ ၊ အများကြီးဝမ်းနည်းရတယ်”

ဦးမြင့်စန်းဟာ ကွယ်လွန်ချိန်မှာ အသက် ၆၆ နှစ်ရှိပြီး ဈာပနအခမ်းအနားကိုတော့ မေလ ၂၀ရက်နေ့ ပူကစ်မြို့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ ဦးမြင့်စန်းဟာ လောင်းလုံးမြို့နယ်မဲဆန္ဒနယ် အမှတ် ၂ ကနေ အနိုင်ရခဲ့ပြီး တနင်္သာရီတိုင်း အစိုးရအဖွဲ့မှာ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာလည်း လောင်းလုံးမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် ၂ ကနေ အနိုင်ရခဲ့ပေမဲ့ အဲဒီရွေးကောက်ပွဲရလဒ်ကို လက်မခံဘဲ အာဏာသိမ်းလိုက်ပြီးတဲ့နောက် NLD လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပါတီဝင်တွေနဲ့ အစိုးရအဖွဲ့ဝင်တွေကို စစ်တပ်က လိုက်လံရှာဖွေ ဖမ်းဆီးတာကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့တာ ဖြစ်ပါတယ်။

လောင်းလုံးမြို့နယ်၊ မင်းရပ်ကျေးရွာမှာရှိတဲ့ ဦးမြင့်စန်းရဲ့နေအိမ်ကို စစ်ကောင်စီက ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှာ ချိပ်ပိတ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။