နေပြည်တော်က NLD ပါတီဝင်တစ်ဦး အကျဉ်းကျနေစဉ် သေဆုံး

RFA Burmese
2023.03.08
နေပြည်တော်က NLD ပါတီဝင်တစ်ဦး အကျဉ်းကျနေစဉ် သေဆုံး နေပြည်တော် ဗုဗ္ဗသီရိမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင် ဦးခင်မောင်တင့်အား တွေ့ရစဉ်။
Citizen Journalist

နေပြည်တော် ဗုဗ္ဗသီရိမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင် ဦးခင်မောင်တင့်ဟာ ရမည်းသင်းအကျဉ်းထောင်မှာ အကျဉ်းကျနေစဉ် ကျန်းမာရေး ဆိုးဝါးလာလို့ ရမည်းသင်း ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူရင်း မတ်လ ၇ ရက်မှာ သေဆုံးသွားတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိူးဇေယျာသော်ရဲ့ လူယုံတစ်ဦးဖြစ်တဲ့ အသက် ၆၀ အရွယ်ရှိတဲ့ ဦးခင်မောင်တင့်ဟာ ၂၀၂၁ နိုဝင်ဘာလက နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ထဲမှာ ဖမ်းဆီးခံရပြီး အကြမ်းဖျက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂-က နဲ့ ထောင် ငါးနှစ်ချမှတ်ခံရတာပါ။

သူ့မှာ သွေးလေးဘက်နာရောဂါရှိပြီး ဆေးရုံမှာတက်ရောက်ကုသစဉ် ငါးရက်အကြာမှာ သေဆုံးသွားတာလို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဦးခင်မောင်တင့်ရဲ့ နိုင်ငံရေး လုပ်ဖော်ကိုင်ဘက်ဖြစ်ပြီး မကြာသေးခင်ကမှ ရမည်းသင်းအကျဉ်းထောင်က ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတစ်ဦးကတော့ ဦးခင်မောင်တင့်ဟာ လုံလောက်တဲ့ ဆေးကုသခွင့် မရခဲ့ဘူးလို့ RFA ကို ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ အကျဉ်းဦးစီးဌာန ပြောခွင့်ရသူ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနိုင်ဝင်းကို RFA က မတ်လ ၈ ရက်မှာ ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

ဦးခင်မောင်တင့်က ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ဦးဖြိူးဇေယျာသော်ရဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ်၊ ၂၀၁၅ ရွေးကောက်ပွဲမှာ ဇမ္ဗူသီရိမြို့နယ် ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့ဝင်အဖြစ် လုပ်ဆောင်ခဲ့ပါတယ်။

NLD ပါတီ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ ကောက်ယူရေးအဖွဲ့ (NLD-HRDT) ရဲ့ စာရင်းအရ စစ်တပ်အာဏာသိမ်းပြီး နှစ်နှစ်အတွင်း NLD လွှတ်တော်အမတ် သုံးဦး အပါအဝင် ပါတီဝင် ၈၄ ဦး သေဆုံးပြီး ၁၂၃၂ ဦး အဖမ်းခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။