အကျဉ်းချခံထားရတဲ့ သူရဦးအောင်ကို အင်းစိန်ဆေးရုံတက်ရ

2022.08.09
Share on WhatsApp
Share on WhatsApp
အကျဉ်းချခံထားရတဲ့ သူရဦးအောင်ကို အင်းစိန်ဆေးရုံတက်ရ ၂၀၂၀ ပြည့်နှစ် မတ်လအတွင်း သာသနာရေးဆိုင်ရာ အခမ်းအနားတစ်ခုမှာ တွေ့ရတဲ့ ဝန်ကြီးသူရဦးအောင်ကို။
Photo: RFA

ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံထားရတဲ့ NLD အစိုးရ သာသနာရေးဝန်ကြီး သူရဦးအောင်ကိုရဲ့ ကျန်းမာရေး အခြေအနေဆိုးလာလို့ ထောင်ပြင်ပ အင်းစိန်ဆေးရုံမှာ ဒီကနေ့ ဆေးကုသမှုခံခဲ့ရတယ်လို့ မိသားစုနဲ့ နီးစပ်သူက RFA ကို ပြောပါတယ်။

ထောင်ထဲမှာ ရေမသန့်လို့ ယားနာတွေပေါက်လာပြီး၊ နဂိုအခံရှိတဲ့ ဆီးချိုရောဂါ ဆိုးလာတာကြောင့် အင်းစိန်ဆေးရုံမှာ ထောင်ဆရာဝန်နဲ့အတူ စစ်ကောင်စီအစီအစဉ်နဲ့ ဆေးလာစစ်သွားတာလို့ သူက ပြောပါတယ်။

"ကိုးနာရီလောက်က ထောင်ထဲက ထုတ်လာပြီး၊ ၁၂ နာရီမှာ ပြန်ခေါ်သွားတယ်။ ရေမသန့်လို့ယားနာပေါက်တယ်လို့ ထင်တယ်။ ဆီးချိုလည်း စစ်ပေးလား၊ မပေးလားမသိဘူး။ ကိုယ့်ဟာကိုယ် စစ်လို့မရတော့ ဘာမှသေချာမသိရဘူး။ ထောင်ထဲမှာ ဘယ်လောက် စိတ်ဖိစီးမလဲမသိ၊ ရောဂါကလည်း နှလုံးကြီး၊ သွေးအားနည်း၊ ဆီးချိုတက် စုံနေရော၊ စိတ်ညှဉ်းဆဲခံထားရတာ ပိုဆိုးတယ်" လို့ မိသားစုနဲ့ နီးစပ်သူက RFA ကိုပြောပါတယ်။

အသက် ၇၄ နှစ်ရှိပြီဖြစ်တဲ့ သူရဦးအောင်ကိုဟာ အဖမ်းမခံရခင်ကတည်းက ဆီးချိုရောဂါဝေဒနာခံစားနေရလို့ ပုံမှန် ဆေးစစ်၊ ဆေးသောက်လုပ်နေရသူပါ။

အင်းစိန်ထောင်ထဲ ရောက်မှ သူရဦးအောင်ကို ဆေးရုံတက်ရတာ ဒီတစ်ခေါက်နဲ့ဆို နှစ်ကြိမ်ရှိပါပြီ။ ပြီးခဲ့တဲ့ မတ်လမှာ ကျန်းမာရေး အခြေအနေဆိုးလို့ အငိးစိန်ထောင်ကနေ ဆေးရုံခေါ်လာချိန်မှာ ခြေထောက်ကို ခြေကျင်းခတ် ခေါ်လာခဲ့တယ်လို့လည်း ဆိုပါတယ်။

သူရဦးအောင်ကိုဟာ NLD အစိုးရလက်ထက် ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ချိန်မှာ အဂတိလိုက်စားမှုတွေရှိခဲ့တယ်လို့ စစ်ကောင်စီဘက်က စွပ်စွဲပြီး သူပိုင်ဆိုင်တဲ့ Ford ကားတစ်စီး၊ ငွေကျပ် သိန်း ၁ဝဝ နဲ့ ရွှေထည်တချို့ကို သိမ်းဆည်းခဲ့ပါတယ်။

မိသားစုနဲ့ နီးစပ်သူတွေကတော့ ဒီစစ်ကောင်စီရဲ့ စွပ်စွဲချက်ကို ပယ်ချပါတယ်။ ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံထားရတဲ့ သူရဦးအောင်ကို ကို ပြစ်ဒဏ်တစ်ဝက်လျှော့ပေးကြောင်း စစ်ကောင်စီဘက်က ကြေညာထားပါတယ်။

"ပြစ်ဒဏ်လျှော့ပေး၊ မပေးဆိုတာ မသိပါဘူး၊ အယူခံပယ်တယ်လို့လည်းပြောတယ်။ ဘာမှမသိရဘူး။ ဖမ်းသွားကတည်းက တစ်ခါမှ အဆက်အသွယ်မရသလို၊ ရှေ့နေကလည်း လုံးဝအမှုလိုက်ခွင့်မရှိဘူး။ ရှေ့နေက သွားမေးလဲ ဘာမှပြန်မပြောဘူး" လို့ မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းချိန် မနက်အစောပိုင်းမှာ သူရဦးအောင်ကိုလည်း နေပြည်တော်က အစိုးရ အိမ်ရာမှာ အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

တစ်လကျော်လောက် နေအိမ်မှာ ဖမ်းဆီးထားပြီး အဲ့ဒီနောက်မှာ ရန်ကုန် အင်းစိန်ထောင်ကို ပြောင်းရွှေ့ခံခဲ့ရတာပါ။

စစ်တပ်က အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် အပါအဝင် NLD အစိုးရခန့် ဝန်ကြီးချုပ်တွေ၊ ဝန်ကြီးတွေကို စစ်ကောင်စီက အဂတိလိုက်စားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။