လွှတ်တော်ကိုယ်စားလှယ်တွေအတွက် NLD ဥပဒေသင်တန်း ပြီးဆုံး
2012.04.22
ဒီသင်တန်းမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြင်ဆင်ဖို့ လိုအပ်တဲ့ ဥပဒေ အချက်အလက်တွေနဲ့ နိုင်ငံတော် ဘတ်ဂျက် ခွဲဝေသုံးစွဲမှုဆိုင်ရာ အကြောင်းတွေကို လေ့လာ ဆွေးနွေးကြကြောင်း သိရပါတယ်။ ဧပြီ (၁၉) ရက်ကနေ ဒီကနေ့အထိ NLD ပါတီရုံးချုပ်မှာ ကျင်းပတဲ့ အဲဒီသင်တန်းကို ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၄၃) ဦး တက်ရောက်ကြပြီး အလုပ်သမားနဲ့ လယ်ယာမြေဆိုင်ရာ ဥပဒေတွေ ကိုလည်း လေ့လာဆွေးနွေးကြကြောင်း ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မေဝင်းမြင့်က ပြောပါတယ်။
"၂၉ ရက်နေ့မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါတဲ့ ဒီမိုကရေစီ မဆန်တဲ့ အချက်တွေ၊ ဒါကိုတော့ ပုသိမ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ပို့ချပါတယ်။ ဒုတိယနေ့မှာကတော့ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေ၊ တတိယနေ့မှာက ဘတ်ဂျက် ခွဲဝေသုံးစွဲမှုဆိုင်ရာ ကို ကျတော့ စီးပွားရေး ပညာရှင်က ပို့ချပါတယ်။ ဒီကနေ့နောက်ဆုံးနေ့မှာက ပဋိပက္ခဖြေရှင်းရေး ပို့ချချက်၊ အလုပ်သမားဆိုင်ရာ ဥပဒေ ပို့ချပါတယ်။"
NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေကို ဧပြီ (၂၃) ရက်နေ့မှာ လွှတ်တော် စတင်တက်ရောက်ဖို့ အစိုးရက အစောပိုင်းမှာ အကြောင်းကြားထားခဲ့ပေမယ့်၊ လွှတ်တော် ကိုယ်စားလှယ်တွေ ကျမ်းကျိမ်ရမယ့် စာသားထဲမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရမယ်ဆိုတဲ့ စကားရပ်အစား၊ လေးစားလိုက်နာပါမည်ဆိုတဲ့ စကားရပ် အဖြစ် ပြင်ဆင်ပေးဖို့ NLD ပါတီက သမ္မတကို တောင်းဆိုထားပေမယ့် အခုချိန်ထိ အကြောင်းပြန်ခြင်း မရှိသေးတာကြောင့် NLD ကိုယ်စားလှယ်တွေ လွှတ်တော်ကို အချိန်မီတက်ရောက် နိုင်ဦးမှာ မဟုတ်ကြောင်း သိရပါတယ်။