မန္တလေးတိုင်း NLD သယံဇာတဝန်ကြီး ဦးမျိုးသစ် အိုးဘိုထောင်က ပြန်လွတ်လာ

2022.11.10
မန္တလေးတိုင်း NLD သယံဇာတဝန်ကြီး ဦးမျိုးသစ် အိုးဘိုထောင်က ပြန်လွတ်လာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ ဖမ်းဆီးထောင်ချခံခဲ့ရသည့် ဝန်ကြီးဦးမျိုးသစ်ကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

စစ်တပ်က အာဏာသိမ်းပြီးနောက် ဖမ်းဆီးထောင်ချခံထားရတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ လက်ထက် မန္တလေးတိုင်းအစိုးရရဲ့ သယံဇာတနဲ့ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်ဟာ မန္တလေး အိုးဘိုအကျဉ်းထောင်ကနေ နိုဝင်ဘာလ ၁၀ ရက် ဒီနေ့ ပြန်လည်လွတ်မြောက်လာတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ် သူတွေက ပြောပါတယ်။

စစ်တပ်က အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းမှာပဲ ဖမ်းဆီးခံရပြီး ထောင်ဒဏ်နှစ်နှစ် ချမှတ်ခံထားရတာဖြစ်သလို လျှော့ရက်တွေနဲ့ လွတ်ရက်စေ့လို့ လွတ်လာတာလို့ အကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

"သူက မန္တလေးတိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ်ကိုယ်စား စာထုတ်လို့ ၅၀၅ (ခ) နဲ့ နှစ်နှစ်ချခံရပြီး ပြန်လွတ်လာတာ။ ပုံမှန်လွတ်ရက်စေ့လို့ လွတ်လာတာပေါ့။ သူတို့က ထပ်တိုးပုဒ်မတွေလည်း မရှိဘူး။ ပုံမှန်ထောင်ဒဏ်ရာ ချုပ်ရက်တွေရယ် ခံစားခွင့်တွေ ရယ်ဆိုတော့ သူက အဲဒါနဲ့ လွတ်သွားတာပေါ့"

ဝန်ကြီးဦးမျိုးသစ်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့က ကြေညာချက်အမှတ် - ၁/၂၀၂၁ ဆိုပြီး ဝန်ထမ်းတွေကို အစိုးရသစ် ဖွဲ့စည်းချိန်အထိ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ကြောင်းနဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှု ဆောင်ရွက်နေတဲ့ ပြည်သူ့ဝန်ထမ်း တွေကို အလေးအနက် ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း ထုတ်ပြန်ခဲ့တာလို့ ဆိုပါတယ်။

NLD အစိုးရလက်ထက် မန္တလေးတိုင်းအစိုးရရဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်း ဝန်ကြီး ဒေါက်တာ စိုးသန်းဟာလည်း မန္တလေး အိုးဘိုအကျဉ်းထောင်ကနေ နိုဝင်ဘာလ ၈ ရက်က ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။

NLD ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်လည်းဖြစ် မန္တလေးတိုင်းဝန်ကြီးချုပ်လည်းဖြစ်သူ ဒေါက်တာ ဇော်မြင့်မောင်ကတော့ သဘာဝဘေးစီမံ၊ အဂတိ၊ ရွေးကောက်ပွဲမသမာမှု စတဲ့ စွပ်စွဲချက် ပုဒ်မအမျိုးမျိုးနဲ့ ထောင်ဒဏ် ၂၉ နှစ် ချမှတ်ခံထားရပါတယ်။

NLD ပါတီရဲ့ နိုဝင်ဘာ ၈ ရက် ထုတ်ပြန်ချက်မှာတော့ ၂၀၂၁ ခုနှစ် စစ်တပ် အာဏာ သိမ်းချိန်ကနေ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလကုန်ထိ လွှတ်တော်ကိုယ်စားလှယ် ၉၀ ဦး အပါအဝင် ပါတီဝင် စုစုပေါင်း ၁၁၆၉ ဦး ဖမ်းဆီးခံထားရတယ်လို့ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။