NLD အမတ် ဦးကျော်ဇေယျ ထောင်နှစ် ၂၀ ထပ်တိုးချမှတ်ခံရ
2023.09.26
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ပဲခူးတိုင်း ပြည်မြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျကို ပြည်မြို့အကျဉ်းထောင်တွင်းတရားရုံးက ထောင်ဒဏ်နှစ် ၂၀ ထပ်တိုးချမှတ်လိုက်တာ ကြောင့် စုစုပေါင်းထောင်ဒဏ် ၃၉ နှစ်ထိရှိလာပြီလို့ မိသားစုဝင်တွေက RFA ကို ပြောပါတယ်။
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၄၉ (က) နဲ့ စွဲထားတဲ့ အမှုနှစ်ခုအတွက် စက်တင်ဘာလ ၂၂ ရက်က ထောင်ဒဏ် နှစ် ၂၀ ထပ်တိုး ချမှတ်ခဲ့တာပါ။ ဘယ်ကြောင်း အရာနဲ့ တရားစွဲဆိုခဲ့တယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရဘူးလို့ မိသားစုဝင် တွေက ပြောပါတယ်။
ဒီမတိုင်ခင် ဦးကျော်ဇေယျကို ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅ (က)၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ - ၁၃၀ (က)၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ - ၂၅ အပါအဝင် စုစုပေါင်း အမှုခြောက်ခုအတွက် ထောင်ဒဏ် ၁၉ နှစ် ချမှတ်ထားပါတယ်။
ဦးကျော်ဇေယျဟာ မတရားဖမ်းဆီးထောင်ချခံရတာလို့ ဇနီးဖြစ်သူ မနီလာက ပြောပါတယ်။
“အခုချိန်မှာ ထောင်ထဲမှာရှိနေတဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေအကုန်လုံးက မှန်ကန်တဲ့ တရားမျှတမှုအတွက် လုပ်နေတဲ့သူတွေပဲလေ။ သူတို့ကတော့ သူတို့ ပါးစပ်ထဲ ရှိတဲ့အတိုင်း ချနေတာပေါ့နော်။ မတရားဘူးဆိုတာ သိပေမယ့် လောလောဆယ်တော့ လက်ပိုက်ကြည့်နေရတာပေါ့။ ကိုယ်တွေက ဘာမှတတ်နိုင်တဲ့ အနေအထားမှ မရှိတာ”
စစ်ကောင်စီတပ်က ဦးကျော်ဇေယျကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၉ ရက်မှာ ဖမ်းဆီးခဲ့ပြီး ရန်ကုန် မြို့၊ ရေကြည်အိုင် စစ်ကြောရေးနဲ့ ပြည်မြို့ ဒ.က.စ စစ်ကြောရေးတွေမှာ နှစ်လကြာအောင် စစ်ဆေးခဲ့ပါတယ်။ စစ်ကြောရေးမှာ ပြင်းပြင်းထန်ထန် နှိပ်စက်ခံခဲ့ရတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဦးကျော်ဇေယျဟာ ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ တိုင်းလွှတ်တော် ကိုယ်စားလှယ်အဖြစ် ၂၀၁၅ ခုနှစ်နဲ့ ၂၀၂၀ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲ နှစ်ကြိမ်ဆက်တိုက် အနိုင်ရခဲ့ပါတယ်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ NLD ပါတီက ထောက်ခံမှု ၈၂.၄ ရာခိုင်နှုန်းနဲ့ အနိုင်ရရှိ ခဲ့ပေမယ့် မဲမသမာမှုတွေရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်တပ်က ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ပြီး အာဏာသိမ်းခဲ့ ပါတယ်။
အာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ်၊ မေလ ၃၁ ရက်အထိ ဖမ်းဆီးခံထားရသူတွေထဲ NLD ပါတီက လွှတ်တော် ကိုယ်စားလှယ် ၇၇ ဦး အပါအဝင် ပါတီဝင် ၁၂၀၀ ဦးရှိတယ်လို့ NLD ဗဟိုအလုပ်ကော်မတီက ဇွန်လ ၁၃ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။