NLD ပါတီရပ်တည်ခွင့် အယူခံလွှာတင်မည်

NLD ပါတီ တရားဝင် ဆက်လက် ရပ်တည်ခွင့်ရှိတယ် ဆိုတဲ့အချက်ကို နေပြည်တော် တရားရုံးချုပ်က နိုဝင်ဘာ ၂၂ ရက် နေ့မှာ ပယ်ချခဲ့တာနဲ့ ပတ်သက်ပြီး လာမဲ့ရက်ပိုင်းအတွင်း အယူခံဝင်ဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ရှေ့နေတွေ ဒီဇင်ဘာ ၁၃ ရက် ဒီကနေ့ တွေ့ဆုံ ဆွေနွေးခဲ့ကြောင်း သိရပါတယ် ။

2010.12.13
assk_nyan_win_court_305_z.png အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တရားဝင် ရပ်တည်ခွင့်အတွက် တရားရုံးသို့ တင်ပြ လျှောက်ထားသည့် အမှုနှင့် ပတ်သက်၍ ပါတီ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေ ဦးဉာဏ်ဝင်းတို့ နိုဝင်ဘာ ၁၆ ရက်က ရန်ကုန်မြို့၊ ဗဟိုတရားရုံးချုပ်သို့ ရောက်ရှိလာပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

NLD ပါတီရပ်တည်ခွင့်အတွက် ဥပဒေကြောင်းအရ ဘယ်လို ဆက်လက်ရင်ဆိုင်မလဲ ဆိုတာကို ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာ ဆွေးနွေးခဲ့ကြတယ်လို့ ဒီအမှုကို လိုက်ပါ ဆောင်ရွက်နေတဲ့ ရှေ့နေ ဦးဉာဏ်ဝင်းက ပြောပါတယ် ။

“NLD ရပ်တည်ရေးအတွက် လိုက်ပါ ဆောင်ရွက်တဲ့ ရှေ့နေတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီးတော့ တိုင်ပင်တာက နေပြည်တော်ရုံးကနေပြီးတော့ ကျွန်တော်တို့ရဲ့ ပါတီရပ်တည်ခွင့် လျှောက်ထားမှုကို ပလပ်ခဲ့တယ်။ အဲဒီ ပလပ်တဲ့ အမိန့်ကို အယူခံ ဝင်ဖို့ အသေးစိတ် ဆွေးနွေးကြတယ်။ မကြာမီ တင်နိုင်အောင် ကြိုးစားမယ်။”

“အခု စပြီးတော့ ကျွန်တော်တို့ အချက်အလက်တွေ၊ ဥပဒေ အချက်အလက်တွေ ညှိနှိုင်း ဆွေးနွေးကြတယ်။ NLD ဟာ ၈၈ ခု နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ မှတ်ပုံတင်ထားတယ်။ အဲဒီ ဥပဒေပါ ပြဋ္ဌာန်းချက်တွေ တခုမှ ညိစွန်းတာ မရှိခဲ့ဘူး။”

“အဲဒါကြောင့် NLD ပေါ်မှာ ၂၀၁၀ ပါတီ ဥပဒေနဲ့ အကျိုးသက်ရောက်မှု မရှိဘူးဆိုတာကို ကျွန်တော်တို့ စွဲဆိုခဲ့ပါတာပါ။”

NLDပါတီရပ်တည်ခွင့်နဲ့ပတ်သက်လို့ နိုဝင်ဘာ၁၈ ရက်နေ့က နေပြည်တော်မှာ ကြားနာခဲ့ပြီး၊ NLD ပါတီတရားဝင်အဖြစ် ဆက်ရှိနေဆဲပဲ ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လျှောက်ထားချက်ကို စစ်အစိုးရက နိုဝင်ဘာ ၂၂ ရက်နေ့မှာ ပယ်ချခဲ့ပါတယ်။

NLD ပါတီဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံနိုင်တာကြောင့် ၂၀၁၀ ရွေးကောက်ပွဲ မကျင်းပခင်တုန်းက ပါတီကို ပြန်လည်မှတ်ပုံတင်ခြင်း မရှိခဲ့သလို၊ ၁၉၈၈ခုနှစ်မှာ NLD ပါတီကို မှတ်ပုံတင်ခဲ့တာဟာ အခုအချိန်ထိ ပျက်ပြယ်ခြင်း မရှိသေးဘူးလို့ မှတ်ယူပြီး စစ်အစိုးရကို အခုလို ဥပဒေကြောင်းအရ ပြန်လည် တရားရင်ဆိုင်နေတာ ဖြစ်ပါတယ် ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။