မွန်ပြည်သစ်ပါတီခွဲထွက်အဖွဲ့နဲ့ NUG တို့ မဟာမိတ်အနေနဲ့ လက်တွဲဆောင်ရွက်ဖို့ သဘောတူ
2024.02.22
မွန်ပြည်သစ်ပါတီခွဲထွက်အဖွဲ့နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)တို့ ပူးပေါင်းဆောင်ရွက်ရေး သဘောတူခဲ့သလို စဉ်ဆက်မပြတ် ဆွေးနွေးသွားဖို့လည်း သဘောတူထားကြောင်း NUG တာဝန်ရှိသူတွေက ပြောပါတယ်။
ခိုင်မာတဲ့ မဟာမိတ်အဖြစ် နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး စတဲ့ ကဏ္ဍတွေ ပူးပေါင်းဆောင်ရွက်ရေးအတွက် ဖေဖော်ဝါရီ ၂၂ ရက်နေ့က အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေး သဘောတူခဲ့ကြတာလို့ NUG က ပြောပါတယ်။
မွန်ပြည်သစ်ပါတီခွဲထွက်အဖွဲ့လို့ပြောကြတဲ့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) အဖွဲ့ကလည်း စစ်အာဏာရှင်စနစ်နဲ့ အာဏာရှင်စနစ်တွေအပြီးတိုင် တိုက်ဖျက်နိုင်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် NUG နဲ့ ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
ဒီတွေ့ဆုံပွဲမှာ မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) အဖွဲ့ခေါင်းဆောင် နိုင်ဇေယျ၊ ဒုခေါင်းဆောင် - ၁ နိုင်ဗညားလယ်၊ ဒုအဖွဲ့ခေါင်းဆောင် ၂- ဗိုလ်ချုပ် လယိကောင်းနဲ့ မဟာမိတ် ဆက်ဆံရေးတာဝန်ခံ နိုင်ဗညားမွန်တို့ပါဝင်သလို အမျိုးသားညီညွတ်ရေးအစိုးရဘက်က မဟာမိတ်ဆက်ဆံရေးအဖွဲ့တာဝန်ခံ၊ နိုင်ငံခြားရေဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်၊ ကာကွယ်ရေးဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူးအောင်တို့ တက်ရောက်ခဲ့ပါတယ်။
မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင် တိုက်ဖျက်ရေး) အဖွဲ့က စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးတာတွေ ဆက်မလုပ်တော့ဘဲ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး အာဏာသိမ်း စစ်တပ်ကို တိုက်ခိုက်သွားမယ်လို့ ဖေဖော်ဝါရီ ၁၄ ရက် က ကြေညာခဲ့ပါတယ်။
မွန်ပြည်သစ်ပါတီအနေနဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) သဘောတူညီချက်အရ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းအရ အဖြေရှာဖို့ အားထုတ်ခဲ့ပြီး စစ်ကောင်စီနဲ့ သုံးကြိမ်တိုင် ဆွေးနွေးခဲ့ပေမဲ့ မျှော်မှန်းတဲ့ရလဒ်တွေ လုံးဝမရခဲ့ဘူးလို့လည်း ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။
ဒီလိုမျှော်မှန်းချက်တွေ မရရှိတာကြောင့် စစ်အာဏာရှင်ကို တိုက်ဖျက်ချေမှုန်းမှသာ ရည်ရွယ်ချက်ပန်းတိုင်ကို ရောက်နိုင်မယ်လို့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) ရဲ့ ဒုတိယအဖွဲ့ခေါင်းဆောင် (၁) နိုင်ဗညားလယ်က RFA ကို ပြောထားပါတယ်။