ခွဲထွက်အဖွဲ့နဲ့ ပြန်လည်ပေါင်းစည်းရေး ကြိုးစားမယ်လို့ မွန်ပြည်သစ်ပါတီကြေညာ

RFA Burmese
2024.02.16
ခွဲထွက်အဖွဲ့နဲ့ ပြန်လည်ပေါင်းစည်းရေး ကြိုးစားမယ်လို့ မွန်ပြည်သစ်ပါတီကြေညာ မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေတစ်နေရာမှာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်နေ့က မွန်ပြည်သစ်ပါတီတပ်ဖွဲ့ဝင်များအား စစ်ရေးပြအခမ်းအနားတစ်ခုတွင် တွေ့ရစဉ်။
NMSP

မွန်ပြည်သစ်ပါတီကနေ ခွဲထွက်သွားသူတွေကို ပြန်လည်ပါဝင်လာအောင် သံဃာတော်တွေ၊ မျိုးချစ်ပုဂ္ဂိုလ်တွေနဲ့လက်တွဲပြီး ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ထားပါတယ်။

လက်ရှိ မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီ CEC အစည်းအဝေးကျင်းပနေပြီး ပါတီကနေ ခွဲထွက်သွားသူတွေကို ပြန်ခေါ်ဖို့ ညှိနှိုင်းသွားမယ်လို့ မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်မှုဆောင် နိုင်အောင်မငေး က RFA ကို ပြောပါတယ်။

စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးရေးကိစ္စမှာ မွန်ပြည်သစ်ပါတီအတွင်း လက်ခံသူနဲ့ လက်မခံသူဆိုပြီး သဘောထားကွဲလွဲခဲ့ကြရာကနေ တွေ့ဆုံဆွေးနွေးရေးကို လက်ခံထားတဲ့သူက ပိုများတာကြောင့် လက်မခံသူတွေဘက်က မကျေနပ်မှုတွေ ရှိလာတယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ မွန်ပြည်သစ်ပါတီ (၁၁) ကြိမ်မြောက် ညီလာခံမှာ စစ်ကောင်စီနဲ့ ဆက်ဆံရေးကိစ္စမှာ ပါတီဝင်အချင်းချင်း အမြင်သဘောထားကွဲသွားခဲ့ပြီး နိုင်ငံရေးအရ မဆွေးနွေးဖို့သဘောတူပေမဲ့ စစ်ကောင်စီနဲ့ အဆက်သွယ်မဖြတ်ဘဲ ဆက်လက်နေသင့်တယ်လို့ဆိုတဲ့ဘက်က အားသာသွားခဲ့တယ်လို့လည်း ရေးသားထားပါတယ်။

ဗဟိုကော်မတီအစည်းအဝေးကျင်းဖို့ ဖိတ်ကြားခဲ့ပေမဲ့ အထွေထွေအတွင်းရေးမှူး နိုင်ဇေယျနဲ့ အဖွဲ့ဟာ အစည်းအဝေးကို မတက်ဘဲ (၁၁) ကြိမ်မြောက် ပါတီညီလာခံရလဒ်အပေါ် မကျေနပ်သူတွေကို စည်းရုံးပြီးနောက် မွန်ပြည်သစ်ပါတီကနေ ခွဲထွက်ပြီး မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင် တိုက်ဖျက်ရေးအဖွဲ့) ကို ခွဲထွက်ခဲ့တာလို့လည်း ဆိုပါတယ်။

ဒီလို မွန်ပြည်သစ်ပါတီ (အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့) ကို ပြန်လည်ပေါင်းစည်းဖို့ ဆွေးနွေးသွားမယ်ဆိုတာနဲ့ ပတ်သက်ပြီး ခွဲထွက်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားလယ်ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင် တိုက်ဖျက်ရေး) အဖွဲ့ကတော့ စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးတာတွေ ဆက်မလုပ်တော့ဘဲ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး အာဏာသိမ်း စစ်တပ်ကို တိုက်ခိုက်သွားမယ်လို့ ဖေဖော်ဝါရီ ၁၄ ရက်မှာ ကြေညာခဲ့ပါတယ်။

မွန်ပြည်သစ်ပါတီဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) သဘောတူညီချက်အရ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းအရ အဖြေရှာဖို့ အားထုတ်ခဲ့ပြီး စစ်ကောင်စီနဲ့ သုံးကြိမ်တိုင် ဆွေးနွေးခဲ့ပေမဲ့ မျှော်မှန်းတဲ့ရလဒ်တွေ လုံးဝမရရှိခဲ့ဘူးလို့လည်း ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။

မွန်ပြည်သစ်ပါတီဟာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလမှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် NCA မှာ ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။

မွန်ပြည်သစ်ပါတီကို ၁၉၅၈ ခုနှစ်ကတည်းက ဥက္ကဋ္ဌ နိုင်ရွှေကျင်က စတင်ထူထောင်ခဲ့တာဖြစ်ပြီး ဗဟိုဦးစီးစနစ်နဲ့ အုပ်ချုပ်ခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် ၁၉၈၉ ခုနှစ်ကစပြီး လေးနှစ်တစ်ကြိမ် ဗဟိုညီလာခံကျင်းပရွေးချယ်ခဲ့ပြီး လက်ရှိ ဥက္ကဋ္ဌ နိုင်ဟံသာက ငါးယောက်မြောက်ဥက္ကဋ္ဌ ဖြစ်ပါတယ်။

မွန်ပြည်သစ်ပါတီမှာ လက်နက်ကိုင်စစ်သည် ၈၀၀၊ အရန်အင်အား နှစ်ထောင် ရှိမယ်လို့ နိုင်ငံတကာ မြန်မာ သတင်းအဖွဲ့ BNI က ၂၀၁၉ ဧပြီလမှာ ထုတ်ဝေတဲ့ ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု အစီရင်ခံစာမှာ ခန့်မှန်းဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။