စစ်အစိုးရအပေါ် နိုဘယ်လ်ဆုရှင်များ မျှော်လင့်ချက်ကုန်

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမြဲ ထောက်ခံအားပေးနေတဲ့ ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် အမျိုးသမီး ခြောက်ဦးက ပြီးခဲ့တဲ့ ရွေးကောက်ပွဲဟာ စစ်အစိုးရအပေါ် မျှော်လင့်ချက်တွေကို ကုန်ဆုံးစေခဲ့တယ်လို့ နိုဝင်ဘာ ၈ ရက် မနေ့က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

2010.11.09
anti-election_than_shwe_305_z.png မြန်မာစစ်အစိုးရက ပြုလုပ်မည့် ရွေးကောက်ပွဲကို ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင် နိုဝင်ဘာ ၅ ရက်နေ့က ပိုစတာများ ကိုင်ဆောင်ကာ ကန့်ကွက် ဆန္ဒပြနေသူများ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

တကယ်တမ်းမှာ ရွေးကောက်ပွဲဟာ ဒီမိုကရေစီစနစ်အတွက် အရေးကြီးတဲ့ အဆင့်ဖြစ်သလို အခြေခံ ပြုပြင် ပြောင်းလဲဖို့အတွက် နိုင်ငံရေးအရ မရှိမဖြစ် လိုအပ်ပေမဲ့ မြန်မာပြည်က ရွေးကောက်ပွဲကတော့ ဒီသတ်မှတ်ချက်တွေနဲ့ မကိုက်ညီဘူးလို့ သူတို့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့လည်း ဒီရွေးကောက်ပွဲကို အသိအမှတ်မပြုကြဖို့ တိုက်တွန်းပါတယ်လို့ သူတို့အဖွဲ့ဖြစ်တဲ့ Nobel Women's Initiative ရဲ့ပြောခွင့်ရအမျိုးသမီး Janhabi Nandy က ပြောပါတယ်။

ကျမတို့ရဲ့ အဓိက စိုးရိမ်ချက်က စစ်အစိုးရကျင်းပတဲ့ ရွေးကောက်ပွဲကို ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အစိုးရတွေက ဒီမိုကရေစီစနစ်ကို ရှေ့ရှုတဲ့အဆင့်အဖြစ် မသတ်မှတ်ကြဖို့ပါပဲ။ ဒီရွေးကောက်ပွဲမှာ ပြဿနာတွေ ရှိနေပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ သက်ဆိုင်သူအားလုံး ပါဝင်ခွင့်လည်း မရပါဘူး။ ရွေးကောက်ပွဲရဲ့ ရည်ရွယ်ချက်ကိုက စစ်အုပ်ချုပ်ရေးနဲ့ ဒီမိုကရေစီနည်းမကျတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ တည်တံ့ဖို့အတွက် ဖြစ်ပါတယ်လို့ သူက ပြောသွားတာပါ။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ မြန်မာပြည် လွတ်မြောက်ရေးအတွက် ဝိုင်းဝန်း တောင်းဆိုကြဖို့ လိုတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် နိုင်ငံရေး အကျဉ်းသားအားလုံးကို လွှတ်ပေးပြီး စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးရေး ပြုလုပ်ဖို့ စစ်အစိုးရကို တိုက်တွန်းထားပါတယ်။

Nobel Women's Initiative အဖွဲ့အနေနဲ့ မြန်မာနိုင်ငံက လူသားမျိုးနွယ်စုအပေါ် ရာဇဝတ်မှုကျုးလွန်တဲ့ ဖြစ်ရပ်တွေ၊ စစ်ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင် ဖွဲ့စည်းဖို့ ဆက်လက် တောင်းဆိုသွားမှာ ဖြစ်တယ်လို့ ပြောခွင့်ရအမျိုးသမီး Janhabi Nandy က RFA ကို ပြောဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။