ရှမ်းပြည်နယ်မြောက်ပိုင်းမှာ CDM ဝန်ထမ်းအချို့ ဆက်တိုက်အဖမ်းခံနေရ

RFA Burmese
2023.01.16
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ CDM ဝန်ထမ်းအချို့ ဆက်တိုက်အဖမ်းခံနေရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့မှာ စစ်အာဏာဆန့်ကျင်ရေးဆန္ဒပြခဲ့ကြစဉ်။
RFA

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးနဲ့ ကွတ်ခိုင်မြို့တွေမှာ ဇန်နဝါရီလဆန်းပိုင်း ကစပြီး CDM ဝန်ထမ်းတွေ ဆက်တိုက်အဖမ်းခံနေရတာကြောင့် အချို့ CDM ဝန်ထမ်းတွေ ပုန်းရှောင်နေရတယ် လို့ မိသားစုဝင်တွေက ပြောပါတယ်။

ကျောက်မဲမြို့မှာ ဇန်နဝါရီလ ၁၂ ရက်နေ့က အမျိုးသမီးသမားတော်တစ်ဦးနဲ့ သွားဆရာဝန်အမျိုးသားတစ်ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ သူတို့နဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

အလားတူ သီပေါမြို့နယ် နမ့်လန်တိုက်နယ်မှာလည်း ဇန်နဝါရီလ ၁၃ ရက်နေ့က မြို့ခံ CDM ကျောင်းဆရာမနှစ်ဦး ဖမ်းဆီးခံရတယ်လို့ ဒေသခံက ပြောပါတယ်။

ကွတ်ခိုင်မြို့နယ်အတွင်းမှာတော့ ဇန်နဝါရီလဆန်းပိုင်းက CDM ကျေးလက်ကျန်းမာရေး ဝန်ထမ်းတစ်ဦးနဲ့ စည်ပင်ဝန်ထမ်းတစ်ဦး ဖမ်းဆီးခံရတယ်လို့ ဒေသခံက ပြောပါတယ်။

ဒီလိုဖမ်းဆီးခံရမှုတွေကြောင့် ဝန်ထမ်းအချို့ ပုန်းရှောင်နေရတယ်လို့ CDM ၀န်ထမ်း အမျိုးသမီးတစ်ဦးက RFA ကို ပြောပါတယ်။

“အခုလဆန်းပိုင်းကစပြီး CDM တွေကိုဖမ်းမယ်ဆိုတဲ့ သတင်းတွေထွက်နေတာ။ အခု လည်း ဖမ်းဆီးခံရတာ တွေရှိတယ်။ အခု ကျမသိသလောက်ဆိုရင် ပညာရေးနဲ့ ကျန်းမာရေးဌာနက CDM တွေကို အဓိက လိုက်ဖမ်းနေတဲ့ပုံစံ ဖြစ်နေတာ။ သိရသလောက်က အယောက် နှစ်ဆယ်ကျော်ပြီ အဖမ်းခံရတာပေါ့နော်။ ဒါ့ကြောင့် တချို့ဆို ရှောင်နေကြရတပေါ့”

CDM ဝန်ထမ်းတွေဖမ်းဆီးခံရတဲ့ အခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီတုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ စီးပွားရေးဝန်ကြီးဦးခွန်သိန်းမောင်ကို RFA က ဒီနေ့နေ့လယ်ပိုင်း တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် စက်ပိတ်ထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇန်နဝါရီလ ၁၃ ရက် နေ့ စာရင်းအရ စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့အထိ CDM ဝန်ထမ်းတွေအပါအဝင် ဖမ်းဆီးခံရသူ စုစုပေါင်း ၁၃,၄၉၅ ဦးရှိနေပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။