မြောက်ပိုင်းသုံးဖွဲ့နဲ့ စစ်ကောင်စီတို့ ရခိုင်တိုက်ပွဲနဲ့ တရုတ်နယ်စပ်ကိစ္စ အဓိကထားဆွေးနွေး

RFA Burmese
2024.05.17
မြောက်ပိုင်းသုံးဖွဲ့နဲ့ စစ်ကောင်စီတို့ ရခိုင်တိုက်ပွဲနဲ့ တရုတ်နယ်စပ်ကိစ္စ အဓိကထားဆွေးနွေး စစ်ကောင်စီ ကိုယ်စားလှယ်များနှင့် MNDAA၊ TNLA၊ AA ကိုယ်စားလှယ်အဖွဲ့ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းလားမြို့တွင် ၂၀၂၃ ခုနှစ် ဇွန်လ ၁ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့စဉ်။
Myanmar Military

စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့တို့ရဲ့ တရုတ်နိုင်ငံ ကူမင်းမြို့က ငါးကြိမ်မြောက် ဆွေးနွေးပွဲမှာ ရခိုင်ပြည်နယ်မှာဖြစ်တဲ့ တိုက်ပွဲအခြေအနေတွေနဲ့ တရုတ်နယ်စပ်ကုန်သွယ်ရေးကိစ္စတွေကို အဓိကထား ဆွေးနွေးခဲ့တယ်လို့ မြောက်ပိုင်းသုံးဖွဲ့နဲ့ နီးစပ်သူတစ်ဦးက မေလ ၁၇ ရက်နေ့မှာ RFA ကို ပြောပါတယ်။

“ဒီတစ်ခေါက်က TNLA နဲ့ပတ်သက်တဲ့ကိစ္စတွေ သိပ်မပါဘူး။ ရခိုင်ပြည်နယ်က တိုက်ပွဲအခြေအနေနဲ့ တရုတ် နယ်စပ်ကုန်သွယ်ရေးကိစ္စပဲလို့ သိထားရပါတယ်။ အရင်ဆွေးနွေးပွဲတုန်းက နောက်ဆက်တွဲကိစ္စတွေပါပဲ”

မေ ၁၄ ရက်နဲ့ ၁၅ ရက် နှစ်ရက်အကြာ လုပ်ခဲ့တဲ့ ဒီဆွေးနွေးပွဲနဲ့ပတ်သက်လို့ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဘက်ကပါ သတင်းထုတ်ပြန်တာ မရှိပါဘူး။ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ထဲမှာပါဝင်တဲ့ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးကတော့ ဒီဆွေးနွေးပွဲဟာ ထူးခြားမှု သိပ်မရှိဘူးလို့ ပြောပါတယ်။

အခုဆွေးနွေးပွဲမှာ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ရဲ့ နိုင်ငံခြားရေးဌာနမှူး ဗိုလ်မှူးကြီး တာမိုးဟိန်းနဲ့ ကိုးကန့်တပ်ဖွဲ့(MNDAA) ရဲ့ ပြင်ပဆက်ဆံရေးနဲ့ နိုင်ငံခြားရေးဌာနမှူး ဗိုလ်မှူးချုပ် ဖုန်းဝင်းနိုင်တို့ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ ရက္ခိုင့်တပ်တော် (AA) ကတော့ ဒုစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင် တက်ရောက်ခဲ့တာပါ။

ဒီအခြေအနေဟာ TNLA နဲ့ MNDAA ဘက်က ဆုံးဖြတ်ခွင့်ရှိသူတွေ မပါသလို စစ်ကောင်စီဘက်ကလည်း ဆွေးနွေးမဲ့သူ ပြောင်းလဲစေလွှတ်ခဲ့တာကို တွေ့ရတယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးက ပြောပါတယ်။

“ဒီတစ်ခေါက်က ထူးဆန်းတယ်။ အရင်တက်နေကျ TNLA နဲ့ MNDAA က ဆုံးဖြတ်ခွင့်အဆင့်ရှိတဲ့သူတွေမပါဘူး။ AA တစ်ခုပဲ ဒေါက်တာညိုထွန်းအောင် တက်တာတွေ့ရတယ်။ စစ်ကောင်စီဘက်ကလည်း အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်ရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သွားမယ်လို့ ကြားထားတာ။ တကယ်သွားတော့ စစ်ဥပဒေချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင် သွားတယ်ဆိုတော့လေ”

၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းပြည်မြောက်ပိုင်းက မြို့ပေါင်း ၁၆ မြို့ကို မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က သိမ်းပိုက်ခဲ့ပြီး ဇန်နဝါရီလ ၁၁ ရက်နေ့မှာ တရုတ်နိုင်ငံရဲ့ ကြားဝင်မှုကြောင့် တိုက်ပွဲတွေ ရပ်တန့်ခဲ့တာပါ။ ဒါပေမဲ့ ရခိုင်ပြည်နယ်အတွင်းမှာတော့ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။

ဒါကြောင့် ရခိုင်ပြည်နယ်က တိုက်ပွဲတွေ ရပ် မရပ်နဲ့ တရုတ်နယ်စပ်မှာ ကုန်သွယ်ရေးလုပ်ငန်းတွေ ပြန်စလာနိုင်မလားဆိုတာတော့ ဆက်လက်စောင့်ကြည့်ရမယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။