ရှမ်းမြောက်မှာ ပိတ်မိနေတဲ့ ဗီယက်နမ် ၃၅ဝ နီးပါးကို ကယ်ထုတ်
2023.12.05
ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲကြားပိတ်မိနေတဲ့ ဗီယက်နမ်နိုင်ငံသား အယောက် ၃၅ဝ နီးပါးကို ဒီဇင်ဘာလ ၄ ရက် မနေ့က ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဗီယက်နမ်အစိုးရသတင်းစာ Hanoi Times က ဖော်ပြပါတယ်။
ကယ်ထုတ်လာတဲ့သူတွေထဲမှာ ဆယ်ကျော်သက်လူငယ်တွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ မွေးကင်းစကလေးတွေ အများဆုံးပါတယ်လို့ ဆိုပါတယ်။
သူတို့တွေဟာ မြန်မာနိုင်ငံမြောက်ပိုင်းမှာ အခြေစိုက်တဲ့ အွန်လိုင်းလောင်းကစား လုပ်ငန်းတွေမှာ အလုပ်လုပ်ဖို့ ရောက်နေတဲ့သူတွေလို့ သတင်းမှာ ဖော်ပြပါတယ်။
လတ်တလောဖြစ်နေတဲ့ စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေကြောင့် အလုပ်လုပ်ဖို့ ခက်လာနေပြီး အလုပ်ရှင်တွေဘက်ကလည်း ပိုဆိုးဆိုးရွားရွား ဆက်ဆံတာခံနေရတယ်လို့ ရန်ကုန်အခြေစိုက် ဗီယက်နမ်သံရုံးက ပြောပါတယ်။
ဗီယက်နမ်နိုင်ငံကို ပြန်ခေါ်ဖို့အတွက် လူအယောက် ၈ဝဝ လောက် စာရင်းပေးထားတယ်လို့လည်း ဆိုပါတယ်။ သူတို့တွေကို အသုတ်လိုက်ပြန်ခေါ်ဖို့ ကြိုးစားနေပြီး မိတ်ဖက်နိုင်ငံတွေနဲ့ အလုပ်တွဲလုပ်နေတယ်လို့လည်း ပြောပါတယ်။
စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေအဆက်မပြတ်ဖြစ်နေတာကြောင့် အိမ်နီးချင်းနိုင်ငံတွေက အဲဒီဒေသကို ရောက်နေတဲ့ သူတို့နိုင်ငံသားတွေကို ကယ်ထုတ်နေတာပါ။ အဲဒီလိုကယ်ထုတ်ဖို့ တရုတ်အစိုးရက အဓိက အကူအညီပေးနေတာ ဖြစ်ပါတယ်။