ရှမ်းမြောက်က တရုတ်နိုင်ငံသားတွေ လုံခြုံရေးအတွက် တရုတ်သံရုံး သတိပေး

RFA Burmese
2024.08.06
ရှမ်းမြောက်က တရုတ်နိုင်ငံသားတွေ လုံခြုံရေးအတွက် တရုတ်သံရုံး သတိပေး တိုက်ပွဲကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရသည့် လားရှိုးမြို့မှ ပြည်သူများကို ၂၀၂၄ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နဲ့ အနီးပတ်ဝန်းကျင်မှာ နေထိုင်ကြတဲ့ တရုတ်နိုင်ငံသားတွေ ဘေးကင်းရာကို ရွှေ့ပြောင်းကြဖို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက Wechat လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် ဩဂုတ်လ ၆ ရက် ဒီနေ့မှာ သတိပေးချက် ထုတ်ပြန်ပါတယ်။

တရုတ်နိုင်ငံသားတွေအနေနဲ့ လုံခြုံရေးသတိရှိကြဖို့၊ အမြန်ဆုံးရွှေ့ပြောင်းကြဖို့နဲ့ ပဋိပက္ခဖြစ်ပွားတဲ့ နေရာတွေနဲ့ ဝေးဝေးနေကြဖို့ တရုတ်သံရုံးက တိုက်တွန်းပါတယ်။

လာရှိုးနဲ့ တခြားနေရာတွေက တရုတ်နိုင်ငံသားတွေအနေနဲ့ မြန်မာနိုင်ငံက တရုတ်သံရုံးနဲ့ ကောင်စစ်ဝန်ရုံးတွေထံ ကိုယ်ရေးအချက်အလက်တွေ ပို့ပေးနိုင်ရေး ပြင်ဆင်ထားကြဖို့ကိုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ကိုးကန့်တပ်မတော် (MNDAA) ကတော့ တိုက်ပွဲတွေအတွင်း တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ဝန်ထမ်းတွေကို ကာကွယ်စောင့်ရှောက်မယ်ဆိုပြီး ဇူလိုင်လ ၃၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

တရုတ်စီမံကိန်းဖြစ်တဲ့ မန္တလေးတိုင်း မတ္တရာမြို့နယ်က အယ်လ်ဖာ ဘိလပ်မြေ (Alpha Cement) စက်ရုံနဲ့ စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်က တကောင်းနီကယ် စက်ရုံကိုတွေကိုလည်း တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။

မန္တလေးတိုင်း စဥ့်ကူးမြို့နယ်က တိုက်ပွဲတွေအတွင်း ပိတ်မိနေခဲ့တဲ့ တရုတ်နိုင်ငံသား ၁၅ ဦးကိုလည်း နေရပ်ပြန်ခွင့်ပြုခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) က ဩဂုတ်လ ၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။