နေပြည်တော်က မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင် နှစ်ဦး နှစ်လေးဆယ်ကျော် နှစ်ရှည်ထောင်ဒဏ်တွေချမှတ်ခံရ

2022.12.02
Share on WhatsApp
Share on WhatsApp
နေပြည်တော်က မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင် နှစ်ဦး နှစ်လေးဆယ်ကျော် နှစ်ရှည်ထောင်ဒဏ်တွေချမှတ်ခံရ စစ်ကောင်စီမှ ထုတ်ပြန်သည့် ဖီးနစ်မြို့ပြပြောက်ကျားအဖွဲ့ဝင် ကိုတင်ကိုငြိမ်းနှင့် ကိုခင်မောင်ရင်တို့အား တွေ့ရစဉ်။
Myanmar Military

နေပြည်တော် မြို့မဈေးနဲ့ ဥတ္တရသီရိမြို့နယ် လျှစ်စစ်ရုံးတွေကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံထားရတဲ့ ဖီးနစ်မြို့ပြပြောက်ကျားအဖွဲ့ဝင် ကိုခင်မောင်ရင်နဲ့ ကိုတင်ကိုငြိမ်းတို့ကို နေပြည်တော် အချုပ်ထောင်တွင်း တရားရုံးကနေ နှစ် ၄၀ ကျော် နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

သူတို့ကို လက်နက်၊ ဖောက်ခွဲရေးပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက ၂၀၂၁ နိုဝင်ဘာလ ၁၅ ရက်နေ့မှာထုတ်ပြန်ခဲ့ပြီး တစ်နှစ်ကြာ တရားရင်ဆိုင်ခဲ့ပြီးနောက် အခုလို ထောင်ဒဏ်တွေချမှတ်ခဲ့တာပါ။

ကိုခင်မောင်ရင်က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှု ခြောက်မှုအတွက် ထောင်ဒဏ် ၄၄ နှစ်၊ ကိုတင်ကိုငြိမ်းက အမှုငါးမှုအတွက် ၃၃ နှစ်ချမှတ်ခံခဲ့ရတာပါ။

သူတို့နှစ်ဦးလုံး ကျန်းမာရေးကောင်းပြီး အမိန့်ချမှတ်ပြီးပြီဖြစ်တာကြောင့် နေပြည်တော် အချုပ်ထောင်ကနေ ရမည်းသင်းအကျဉ်းထောင်ကို ပို့ဆောင်ဖွယ်ရှိတယ်လို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာနဲ့ နိုဝင်ဘာလထဲမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူခံထားရသူတွေကို နှစ်ရာချီထောင်ဒဏ်တွေ ချမှတ်ခဲ့တာအပြင် တစ်သက်တစ်တစ်ကျွန်းနဲ့ ညီမျှတဲ့ ထောင်နှစ် ၂၀ ထက်ပိုတဲ့ ပြစ်ဒဏ်တွေကိုလည်း စစ်ကောင်စီက ချမှတ်နေပါတယ်။

အောက်တိုဘာ ၅ ရက်နေ့က တနင်္သာရီတိုင်း ထားဝယ်သပိတ်ခေါင်းဆောင် ကိုထွန်းထွန်းဦးကို စုစုပေါင်းထောင်ဒဏ် ၄၆ နှစ်၊ ကိုရာဇာထွန်းကို ၄၁ နှစ် ချမှတ်ထားပါတယ်။ ၂၀၂၂ ခုနှစ်ထဲမှာပဲ ပဲခူးတိုင်းပြည်မြို့ အကျဉ်းထောင်တွင်း တရားရုံးကနေ ကိုဟိန်းမြတ်ကို ထောင်ဒဏ် ၆၉ နှစ်၊ ကိုထွန်းလတ်ကို အနှစ် ၄၀၊ ကိုဇင်လင်းထက်ကို ထောင်ဒဏ် ၄၄ နှစ်ခွဲ အသီးသီး ချမှတ်ထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဒီဇင်ဘာလ ၁ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းပြီးကတည်းက နိုင်ငံရေးအရ ဖမ်းဆီးခံထားရသူ ၁၃,၀၁၇ ဦးရှိပြီး အဲဒီအထဲက ၁,၆၆၆ ဦး ထောင်ဒဏ်တွေ ချမှတ်ခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။