ခေါင်းဆောင်သုံးဦး စစ်ကောင်စီနဲ့ပူးပေါင်းသွားပြီးနောက် National Special Force အဖွဲ့ဖျက်သိမ်း
2023.09.12

ကရင်ပြည်နယ်မှာ National Special Force အမည်နဲ့ စစ်ရေးလှုပ်ရှားခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ခေါင်းဆောင် သုံးဦး ငွေကြေးနဲ့လက်နက်တွေ ယူဆောင်ပြီး စစ်ကောင်စီနဲ့ ပူးပေါင်းသွားတဲ့အတွက် သူတို့အဖွဲ့ကို စက်တင်ဘာ ၁ ရက်နေ့က စပြီး ဖျက်သိမ်းလိုက်ပြီလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျန်တဲ့ခေါင်းဆောင်တစ်ဦးက RFA ကို စက်တင်ဘာလ ၁၂ ရက်နေ့က ထုတ်ဖော်ပြောလိုက်ပါတယ်။
၂၀၂၃ ခုနှစ် ဇူလိုင်လပိုင်းလောက်က ဒုတပ်ခွဲမှူး ရန်ကုန် (ခေါ်) ဘုန်းမြင့်အောင်နဲ့ တပ်ခွဲမှူး တာဝန်ယူခဲ့တဲ့ အန်ဒရူး (ခေါ်) ချစ်ဇင်လင်း တို့နှစ်ဦးဟာ အဖွဲ့အတွက် အလှူခံရရှိထားတဲ့မြန်မာ ကျပ်ငွေ သိန်း ၉၀၀ လောက်တန်ဖိုးရှိတဲ့ ထိုင်းဘတ်ငွေ ၁၀ သိန်းနီးပါးကို ယူဆောင်ပြီး စစ်ကောင်စီနဲ့ ပူးပေါင်းသွားခဲ့ကြောင်း၊ အဲဒီနောက် တပ်စုမှူးတာဝန်ထမ်းဆောင်ခဲ့တဲ့ ထိပ်ပေါက် (ခေါ်) မင်းသူရိန်ဆိုသူကလည်း သေနတ်တစ်လက် လက်ပစ်ဗုံးတစ်လုံး ကျည် ၂၅၀ နဲ့ အခြားဆက်စပ်ပစ္စည်း စုစုပေါင်း ကျပ်သိန်း ၁၅၀ ခန့် တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို ယူဆောင်ပြီး စစ်ကောင်စီထံ စက်တင်ဘာလ ၈ ရက်နေ့မှာ ပူးပေါင်းသွားတယ်လို့ သူက ပြောပါတယ်။
ဒါ့အပြင် အဲဒီသူတွေက တပ်ဖွဲ့အတွင်း ကျန်နေတဲ့ PDF ရဲဘော်တွေကို သူတို့နည်းတူ စစ်ကောင်စီထံ ပူးပေါင်းဖို့နဲ့ မပူးပေါင်းရင် မြို့ပြမှာကျန်ရစ်တဲ့ မိသားစုဝင်တွေကို အန္တရာယ်ပြုမယ်လို့ ခြိမ်းခြောက်နေကြောင်းနဲ့ သူတို့ National Special Force ရဲ့ လူမှုကွန်ရက် စာမျက်နှာကိုလည်း စစ်ကောင်စီနဲ့ ပူးပေါင်းသွားသူတွေက သုံးစွဲနေကြတဲ့အတွက် ပြည်သူတွေအနေနဲ့ အလှူငွေတွေ မထည့်ကြဖို့ သူက သတိပေးပါတယ်။
လက်ရှိမှာ အဲဒီအဖွဲ့က ကျန်နေတဲ့ အင်အား ၄၀ ကျော်ဟာ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်က တပ်ရင်းတပ်ဖွဲ့တစ်ခုမှာ သွားရောက်ခိုလှုံနေကြတယ်လို့ သိရပါတယ်။ အဲဒီတပ်ရင်းတာဝန်ခံတစ်ဦးဖြစ်တဲ့ ကိုစောကစောမီ ဆိုသူကလည်း National Special Force ခေါင်းဆောင်တွေ စစ်ကောင်စီနဲ့ ပူးပေါင်းသွားတယ်ဆိုတာ မှန်ကန်ကြောင်းနဲ သူတို့ထံ လာရောက်ခိုလှုံတဲ့ PDF ရဲဘော်တွေကို ကောင်းမွန်စွာထားတဲ့အကြောင်း ပြောပါတယ်။
စစ်ကောင်စီနဲ့ ပူးပေါင်းသွားတဲ့ ခေါင်းဆောင်သုံးဦးကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းခေါ်ဆိုလို့ မရခဲ့ပါဘူး။ အဲဒီသုံးဦးဟာ ကရင်ပြည်နယ်အတွင်း ခိုလှုံနေတာဖြစ်တဲ့အတွက် ကရင်ပြည်နယ် စစ်ကောင်စီ ပြောရေးဆိုခွင့် ရှိသူ ဦးစောခင်မောင်မြင့်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
National Special Force အဖွဲ့ကို စစ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂ ရက်နေ့မှာ တောင်ပိုင်းတိုင်း ကရင်ပြည်နယ် တပ်မဟာ ၇ နယ်မြေမှာ စတင်ဖွဲ့စည်းခဲ့တာလို့ သိရပါတယ်။