ထိုင်းနိုင်ငံထဲ တိမ်းရှောင်လာတဲ့ မြန်မာတွေကို ကူညီပေးဖို့ NUCC တိုက်တွန်း
2024.09.24
အာဏာသိမ်းကာလ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ စစ်မှုထမ်းဥပဒေတွေကြောင့် ထိုင်းနိုင်ငံကို ထွက်ပြေးတိမ်းရှောင်လာကြတဲ့ မြန်မာနိုင်ငံသားတွေကို ကူညီကယ်ဆယ်ပေးဖို့ ထိုင်းအစိုးရကို အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က မေတ္တာရပ်ခံ တိုက်တွန်းကြောင်း စက်တင်ဘာလ ၂၃ ရက်နေ့က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီရဲ့ ဖိနှိပ်မှုအမျိုးမျိုးကြောင့် ထွက်ပြေးလာရသူတွေဟာ အိုးအိမ်တွေနဲ့ စာရွက်စာတမ်း ဆုံးရှုံးတာတွေ ရှိနေတဲ့အတွက် ထိုင်းနိုင်ငံအတွင်း ဝင်ရောက်ခိုလှုံတဲ့အခါ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
လက်ရှိမှာတော့ အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအပေါ် တင်းကျပ်မှုတွေ များလာပြီး ဖမ်းဆီးမှုတွေလည်း ဆက်တိုက်လုပ်တာကြောင့် စိုးရိမ်နေရတယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတစ်ဦးက RFA ကို ပြောပါတယ်။
“တရားမဝင် နေရတဲ့ဒုက္ခက အလုပ်ကောင်းကောင်းမရဘူး။ အလုပ်ကောင်းကောင်း မရတဲ့အပြင်ကိုမှ ရဲတွေ ဘာတွေ ဖမ်းမှာကို ကြောက်နေရတယ်။ အခုက ဘတ်ရိုက်ပြီးနေရတော့ ဘတ်ကလည်း ဒီအယုဒ္ဓယထဲမှာဆို အယုဒ္ဓယထဲမှာပဲ နေထိုင်ခွင့် ဖြစ်နေတယ်။ စာအုပ်မဟုတ်တော့။ နောက်ပြီးတော့ ဘတ်ကလည်း သက်တမ်းကုန်သွားတဲ့ အချိန်ကျရင် သက်တမ်းအသစ် ပြန်ရိုက်ရမှာ။ အဲဒါက အခုဘတ်တွေက မရိုက်ပေးဘူး။ မရိုက်ပေးတော့ သက်တမ်းကုန်သွားတဲ့အခါကျရင် ဘယ်လိုလုပ်ရမလဲ မသိဘူး။ သိပ်ပြီး အဆင်မပြေတော့ဘူးပေါ့။ အခုဟာက တအားဖမ်းတာ”
အခု စက်တင်ဘာထဲမှာပဲ အထောက်အထားမဲ့ မြန်မာပြည်သူတွေကို ဖမ်းဆီးပြီး မြန်မာနိုင်ငံကို ပြန်ပို့နေတာတွေဟာ စစ်ကောင်စီရဲ့ ထပ်မံဖိနှိပ်မှုကို ခံရစေဖို့နဲ့ စစ်မှုထမ်းဥပဒေအရ လူငယ်တွေကို စစ်မှုထမ်းဖို့ ပို့ဆောင်ပေးနေသလို ဖြစ်နေတယ်လို့ NUCC ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါကြောင့် စစ်ကောင်စီလက်ကနေ ထွက်ပြေးတိမ်းရှောင်လာသူတွေကို စာနာစိတ်ထားပြီး ကူညီကယ်ဆယ်ဖို့နဲ့ အထောက်အထားမဲ့ မြန်မာပြည်သူတွေကို ထိုင်းနိုင်ငံအတွင်းမှာ ယာယီ နေထိုင်ခွင့်ပေးတဲ့ အစီအစဥ်တွေ ရေးဆွဲအတည်ပြုပေးဖို့အတွက် NUCC က တိုက်တွန်းပါတယ်။
စက်တင်ဘာ ၂၃ ရက်နေ့ကတော့ ထိုင်းနိုင်ငံအတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အလုံးအရင်းနဲ့ ဝင်ရောက်လာမှုကို ကိုင်တွယ်ဖြေရှင်းပေးဖို့ဆိုပြီး ထိုင်းနိုင်ငံသားတချို့က ဘန်ကောက်မြို့က စစ်ကောင်စီရဲ့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။
စက်တင်ဘာ ဒုတိယပတ်ကလည်း ထိုင်းအမျိုးသားရေးအဖွဲ့ သုံးဖွဲ့က မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအပေါ် ကန့်သတ်မှုလုပ်ဖို့ အချက် ရှစ်ချက်ပါ စာတစ်စောင်ကို ထိုင်းအစိုးရကို ပေးပို့တောင်းဆိုမှုတွေ လုပ်ခဲ့ပါတယ်။
အဲဒီစာထဲမှာတော့ မြန်မာ့ရွှေ့ပြောင်းအလုပ်သမား အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်ခွင့် မပြုဖို့၊ နိုင်ငံရေးကြောင့် ထွက်ပြေးလာရသူတွေကို သတ်မှတ်စခန်းတွေမှာသာ ထားဖို့၊ ထိုင်းနိုင်ငံသား ခံယူခွင့်အစီအစဥ်ကို ပြန်လည်သုံးသပ်ပေးဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။
ဘန်ကောက်မှာရှိနေတဲ့ မြန်မာသံရုံးကတော့ ထိုင်းနိုင်ငံမှာ Non-Immigrant ED Visa လို့ခေါ်တဲ့ ပညာရေးဗီဇာနဲ့ ကာလတိုသင်တန်းတွေ တက်ရောက်နေတဲ့ မြန်မာကျောင်းသားတွေရဲ့ နိုင်ငံကူးလက်မှတ်တွေကို စက်တင်ဘာ ၁၆ ရက်နေ့ကစလို့ သက်တမ်း တိုးမပေးတော့ဘူးလို့ ထုတ်ပြန်ကြေညာထားပါတယ်။