နိုင်ငံရေး၊ စစ်ရေးအပါအဝင် ကဏ္ဍလေးခုမှာ ပူးပေါင်းဖို့ NUG နဲ့ ABSDF သဘောတူ
2024.09.12
နိုင်ငံရေး၊ စစ်ရေး၊ လူထုစည်းရုံးရေးနဲ့ ဘဏ္ဍာရေးစတဲ့ ကဏ္ဍလေးခုမှာ ပိုမိုပူးပေါင်းဆောင်ရွက်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့အကြား နားလည်မှုစာချွန်လွှာကို ချုပ်ဆိုခဲ့တယ်လို့ စက်တင်ဘာလ ၁၂ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။
နှစ်ဖွဲ့အကြား ကဏ္ဍလေးခုမှာ ပိုမိုပူးပေါင်းဆောင်ရွက်ကြဖို့ သဘောတူကြတာလို့ ABSDF တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) ရဲဘော်ကျော်လင်းက RFA ကို ပြောပါတယ်။
"အမျိုးသားညီညွတ်ရေးအစိုးရနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်)အကြား ကဏ္ဍလေးခုမှာ ပိုမိုပူးပေါင်းဆောင်ရွက်ကြဖို့ သဘောတူကြပါတယ်။ နိုင်ငံရေး၊ လူထုစည်းရုံးရေး၊ စစ်ရေး၊ ဘဏ္ဍာရေး နယ်ပယ်တွေမှာ ဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ စတင်ထည်ထောင်တဲ့အချိန်ကစပြီး ကျွန်တော်တို့နှစ်ဖွဲ့အကြားမှာ နိုင်ငံရေးအရ၊ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေ အမြဲရှိနေခဲ့ပြီးဖြစ်ပါတယ်။ C3C, NUCC စသဖြင့်ပေ့ါ။ အခုလည်း အမှတ်(၁) စစ်ဒေသရဲ့ Command အောက်မှာ စစ်ရေးအရ ပူးတွဲဆောင်ရွက်မှုတွေ လုပ်နေပါတယ်"
ဒီလို လက်မှတ်ထိုးတယ်ဆိုတဲ့သဘောက ပိုပြီးတရားဝင်အောင် လုပ်လိုက်တာဖြစ်ပြီး စစ်အာဏာရှင်စနစ်အမြစ်ပြတ် ချေမှုန်းရေး ပြီးမြောက်တဲ့အထိ လက်တွဲဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။
NUG နဲ့ ABSDF အကြား အမှတ် (၁) စစ်ဒေသဖြစ်တဲ့ ကချင်ပြည်နယ်၊ စစ်ကိုင်းနဲ့ မကွေးတိုင်းတွေမှာ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။
နားလည်မှု စာချွန်လွှာချုပ်ဆိုတဲ့ အခမ်းအနားကို NUG ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးလွင်ကိုလတ်အပါအဝင် တာဝန်ရှိသူတွေ တက်ရောက်ခဲ့သလို ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲ၊ ဒုဥက္ကဋ္ဌ ရဲဘော် လဆိုင်း၊ အထွေထွေအတွင်းရေးမှူး ရဲဘော်ဆန်နီ၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ၁ ရဲဘော်ကျော်လင်း စတဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။